Subscribe Twitter FaceBook

Tuesday, May 14, 2013

အထီးကျန်



အထီးကျန်
- သူရဿဝါ -


ကိုယ့်စိတ်ကူးဟာ
မင့် မျက်လုံးတွေထဲမှာပဲရှိနေတယ် ။

ပျော်ရွှင်မှုဟာ
ဖယောင်းတိုင်မီးကလေးငြိမ်းသလို ငြိမ်းသွား
အိပ်မက် မမက်ဘူး ၊
အိပ်လို့လည်းမပျော်ဘူး ။

သူ့လက်ဖဝါးတွေ အေးစက်နေတာ
သူ့အပြုံးက မေ့မျောနေတာ
သူ့ခြေလှမ်းမှာ တွေဝေခြင်းဖုန်မှုန့်တွေ ကပ်နေတာ
အဲဒီမှာ … ကိုယ့်ကြေကွဲစိတ်ရှိနေပါတယ် ။

ကိုယ် …
မပျော်ဘူး ။
မပျော်ပါဘူး
အချစ်ရာ

သတိတရပါ ။
မတော်တဆပါ ။
ကိုယ့်စိတ်ကူးတိုင်း လေရိုင်းထဲမှာ လွင့် နေ ။

၁၄ - မေ - ၂၀၁၃

Wednesday, April 10, 2013

လူလုပ်မီးခိုးများ




လူလုပ်မီးခိုးများ
- သူရဿဝါ -


နံရံပေါ်ကို မီးခိုးလုံးတွေခုန်တက်လာတယ်
မီးခိုးငွေ့ကစလို့ မီးခိုးလုံးတွေဖြစ်သွား
ရုပ်ပြောင်းရုပ်လွှဲ မီးခိုးများ ပဉ္စလက်မီးခိုးများ မာယာမီးခိုးများ ဒြပ်ရှိမီးခိုးများ
လမ်းပေါ်မှာ ကျောက်ပတ်တီးစည်းထားတဲ့လူတွေ အဖွေးသား
ကျောက်ပတ်တီးစည်းထားတဲ့လမ်းပေါ် လူတွေအဖွေးသား
ကျောက်ပတ်တီးအဖွေးသား လူတွေ လမ်းတွေ
ဖိနပ်ဟာ အိပ်မက်ကြမ်းပေါ်လှမ်းနေ
အကောင်းစားရှူးဖိနပ်တွေ ကတ္တီပါဖိနပ်တွေ
ကြက်ပေါင်စေးဖိနပ် ရာဘာဖိနပ်တွေ စစ်ဖိနပ်
အားကစားဖိနပ်တွေ အတန်းအစားအမျိုးမျိုးဖိနပ်တွေ
ကျောက်ပတ်တီးအဖွေးသားကို ဖြေချလိုက်တဲ့အခါ
လူတွေ လမ်းတွေ ဖိနပ်တွေ အပေါ်
တဖြည်းဖြည်း တွားတက်လာ မီးခိုးလုံးဟာ
သဲသဲလှုပ် ဝမ်းသာအားရ ။ ။


၇ - ဧပရယ်လ် - ၂၀၁၃

Thursday, March 21, 2013

ခင်ဗျားတို့အတွက် မိုးလုံးမှိုင်းအဓိကရုဏ်း ဖြစ်လာနိုင်သဖြင့် စောင့်ကြည့်စစ်ဆေးပြီးမှ ဆက်လက်မှားယွင်းရန်ကဗျာ




ခင်ဗျားတို့အတွက် မိုးလုံးမှိုင်းအဓိကရုဏ်း ဖြစ်လာနိုင်သဖြင့် စောင့်ကြည့်စစ်ဆေးပြီးမှ ဆက်လက်မှားယွင်းရန်ကဗျာ
- သူရဿဝါ -


စောင့်ကြည့်နေ စောင့်ကြည့်နေ အားလုံးမေ့သွားမယ့် အချိန်အထိ
စောင့်ကြည့်နေ စုံစမ်းနေ စစ်ဆေးနေ စုံစမ်းရေး ကော်မရှင် ဒါမှမဟုတ် စစ်ဆေးရေး ကော်မရှင် ဒါမှမဟုတ် စောင့်ကြည့် စုံစမ်း စစ်ဆေး ကော်မရှင် ဘာ ဘာ ဘာ ဘာတွေဖြစ်နေသလဲ ဟာ အာလုံးကို ရှုပ်နေတာပဲ သေပြီ ဆ.. ဆ.. ဆ.. ဆက်မပြောရဲ ရဲလည်းဆက်မပြော ပြောလည်း ဆက်မရဲတော့ ဒါဥပဒေဘောင်အတွင်းက အပြင်ကိုရောက်ဖို့ လက်လေးသစ်ပဲ လိုတဲ့ကဗျာ ဥပဒေရဲ့အထက်က ဘိုလို အဘာ့ဖ်သယ်လော ဆိုတဲ့ကဗျာ မိုးလုံးပြည့်မုသာဝါဒ ကဗျာ ဘာသာရေးမှိုင်းတွေပါနေတဲ့ကဗျာ အဓိကရုဏ်းကဗျာ ဂဏန်းတွေနဲ့ကဗျာ ဂဏန်းမငြိမ်တဲ့ကဗျာ ဟိုလိုလို ဒီလိုလို ဘာကိုယုံကြည်ရမှန်းမသိတဲ့ လူစုလူဝေးကြီးလိုကဗျာ အွန်လိုင်း သူရဲကောင်းကဗျာ အွန်လိုင်းပညာရှိကဗျာ အွန်လိုင်းပုတ်သင်ညိုကဗျာ အစိုးရဖက်ကလိုလို အစိုးရဖက်က မဟုတ်ဘူးလိုလို ဆိုတဲ့ နှစ်ဖက်ချွန်ကဗျာ အထင်အမြင်မှားကဗျာ ဒါ .. ဘာ ဘာ ဘာ ဘာတွေဖြစ်နေလို့လဲ ဆိုတော့ ငါလည်းမလုပ်တတ်ဘူးဆိုတဲ့ကဗျာ ဒီကဗျာကို စောင့်ကြည့် စစ်ဆေး စုံစမ်းပြီးမှ သတိ ကြီးကြီးထား ခင်ဗျားတို့အတွက် အန္တရာယ် အနည်းငယ်များ ဒီကဗျာအပေါ် မီးပွိုင့်တစ်ခုလို ရပ် ကြည့် သွား ။ ။

၂၁ - မာ့ခ်ျ -၂၀၁၃

Wednesday, February 20, 2013

မောင်ဝါဝါနှင့် သိခြင်းဒုက္ခများ (၁)



မောင်ဝါဝါနှင့် သိခြင်းဒုက္ခများ (၁)
- သူရဿဝါ -

မိုဘိုင်း ဖုန်းလေးတစ်လုံး ရှိတာ တော်တော်ကို အဆင်ပြေလှသည်။ “တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ မအားလပ် သေးပါသဖြင့် ခေတ္တ စောင့်ဆိုင်းပြီးမှ ပြန်လည် ခေါ်ဆိုပါရှင်” ဆိုတာမျိုးက လွဲရင်ပေါ့။ အဲဒါကတော့ တော်တော်ကို အဆင် မပြေလှ။ မသကာ .. “ခေတ္တ စောင့်ဆိုင်းပြီးမှ ပြန်လည် ခေါ်ဆိုပါ ခင်ဗျာ” ဆိုလျှင် ဟုတ်တုတ်တုတ်။ တခါတလေ လောက်တော့ ယောကျာ်းလေး အလှည့်ပေး ပြောသင့် တာပေါ့နော့။ ဟုတ်တယ်လေ … ယောကျာ်းလေးချင်း ဆိုတော့ ညှိရနှိုင်းရ ပိုအဆင်ပြေ နိုင်တာပေါ့၊ မဟုတ်ဘူးလား။ ဒါ .. ပြောတာပါ။ တခြား မပြောပါဘူး။ ထားပါ .. ဒါတွေက အပရိက။ ခုနက စကားကို ပြန်ဆက်ရရင် ဖုန်းတစ်လုံး ရှိနေတာ အဆင်ပြေသည်။ လူကိုယ်တိုင် မသွားနိုင်သော ကိစ္စများ၊ အချို့ လူမှုရေး ကိစ္စများ အတွက် လေလှိုင်းမှ ပြီးမြောက် တာဝန်ကျေ နိုင်သော အလုပ်တချို့ကို ထိုင်ရာမထ လုပ်၍ ရတာလည်း တစ်ကြောင်း။ အလုပ်မရှိလည်း ဒီဖုန်းလေး ရှိနေလျှင် ဖုန်းဖြင့် စာဖတ်ချင်ဖတ်၊ ဂိမ်းဆော့ ချင်လျှင်ဆော့၊ သီချင်း နားထောင်ချင် နားထောင် လိုက်ဦး .. စသည်ဖြင့် တစ်ကိုယ်ရေ တကာယ အပျင်းပြေ ဖျော်ဖြေ တင်ဆက် နေ၍ ရသည်ကိုး။

ဒီတော့ မောင်ဝါဝါ့ ဖုန်းကလေးမှာ မောင်ဝါဝါနှင့် အမွှာညီအစ်ကိုလိုပင် ဖြစ်နေသည်။ တခါတလေ ဖုန်းနှင့် မောင်ဝါဝါက ရင်ချင်းဆက် အမွှာပေါ့ (ဖုန်းကို အင်္ကျီ အိတ်ကပ်ထဲ ထည့်ထားသည့် အခါမျိုး)၊ အဲ .. တခါတလေ ကျပြန်တော့ တင်ချင်းဆက် အမွှာ ဖြစ်နေပြန်ရော (ဖုန်းကို ဘောင်းဘီ အနောက် အိတ်ကပ်ထဲ ထည့်ထားသည့် အချိန်မျိုး)။ ဖုန်းနှင့် မောင်ဝါဝါ ဘယ်တော့မှ ခွဲလျက် ရှိမနေတတ်။ ကိုယ့်ဖုန်းလေးများ ကိုယ့်အနား မရှိသည့် အခါမျိုးတွင် ကိန္နရီ ကိန္နရာ တစ်ညတာ ဝေးသဖြင့် နှစ်ပေါင်း ခုနစ်ရာ ငိုကြွေးရသည် ဆိုတာလောက် နီးနီး မောင်ဝါဝါ ခံစားရသည်။ အပိုပြောခြင်း မဟုတ်။ အဲ .. ဖုန်းကလေး ကိုယ့်အနား ရှိနေလျှင်တော့ မောင်ဝါဝါ နှစ်ပေါင်း ခုနစ်ရာ ထက်ပင် ပိုမို ခံစားရ တတ်သည်။ ဖုန်းပြောခတွေ နှိပ်စက်တာကိုး ခင်ဗျ။ မတတ်နိုင် … ချစ်ချစ် မချစ်ချစ် အောင့်ကာ နမ်းရသပေါ့။ ထားပါ .. ဒါတွေက အပရိက။ ဘယ့်ကလောက် အထိပင် မောင်ဝါဝါနှင့် ဖုန်းအတူတူ ရှိသလဲ ဆိုလျှင် ညအိပ်လျှင်တောင် အတူတူအိပ်တာ။ မောင်ဝါဝါက ကိုယ့်အိပ်ရာမှာအိပ်၊ သူက မောင်ဝါဝါ့ ခေါင်းအုံး နံဘေးနားမှာ အိပ်ပေါ့။ ဒါတောင် တခါ .. တခါ သူက ထ, ထပြီး အိပ်မက်ယောင် လိုက်သေးသည်။ ညကြီး အချိန်မတော် မက်ဆေ့ခ်ျ ဝင်လာတာတို့၊ ဖုန်းဝင် လာတာတို့ ဆိုတဲ့ အခါမျိုး မှာပေါ့။

မောင်ဝါဝါက နည်းပညာနှင့် ပတ်သက်လျှင် သိချင်၊ တတ်ချင် သဖြင့် ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုကလိ ဒီကလိ လုပ်တတ် သေးသည်။ တယ်လီဖုန်း နည်းပညာတွေ ခေတ်မစားခင် အရင်တုန်းကတော့ ကွန်ပျူတာနှင့် ပတ်သက်ပြီး လေ့လာ လိုက်စား ရသည်ပေါ့။ ဝင်းဒိုး အိပ်ပြီတို့၊ ဝင်းဒိုး နိုးလာပြီတို့၊ ဝင်းဒိုး ဆဲဗန်းတို့ .. အဲဒါတွေ အကြောင်း ရှာဖွေ ဖတ်ရှု၊ ဖတ်ပြီးတော့လည်း ဒီအတိုင်း မနေ။ ရှိသည့် မုန့်ဖိုးလေးဖြင့် ခြစ်ကုတ်ပြီး ကြွေးတင်ခံ ဝယ်ထား ရသော ကိုယ့်ကွန်ပျူတာ ကလေး ကိုပင် အနားမပေး နိုင်လောက်အောင် စပ်းသပ် မွှေနှောက် နေတတ်သည်။ ဒါပေမယ့် ကွန်ပျူတာ နည်းပညာ ဆိုတာ ကလည်း အလွန်တရာ ကျယ်ပြန့် နက်နဲ လှသည် မဟုတ်လား။ ဒီတော့ ဘယ်တော့မှ ရှာဖွေမကုန်၊ ဆည်းပူး မကုန်။ ဒီလိုနဲ့ လွန်ခဲ့သည့် တစ်နှစ်၊ နှစ်,နှစ်လောက်က စပြီး မိုဘိုင်းလ်ဖုန်း နည်းပညာတွေ စတင် ခေတ်စား လာသည်။ တယ်လီဖုန်းနှင့် ပတ်သက်သည့် အသံတွေ ကျယ်ကျယ် လောင်လောင် ထွက်လာသည်။ ဒီတော့ နည်းပညာ လောကထဲ နေ,နေသော မောင်ဝါဝါလည်း ဘယ်အမေ့ခံ နေလိမ့်မလဲ။ ဟိုစပ်စပ် ဒီစပ်စပ် ဝင်၍ ပါမိပြန်သည်။

Thursday, February 14, 2013

နင်ရယ် ငါရယ် ဟောဒီနေ့ ဟောဒီကဗျာရယ် ..




နင်ရယ် ငါရယ် ဟောဒီနေ့ ဟောဒီကဗျာရယ် ..
- သူရဿဝါ -


(၁)
နင်က ငါ့ရေဘူးပါ
နင်က ငါ့ဖိနပ်ပါ
ငါ့ရေဘူးကလေး ငါ့ဖိနပ်ကလေး
မရှိတဲ့အခါ ငါကနွေရာသီပါ
ခြောက်သွေ့နေမှာ ..။

(၂)
လူဆိုတာ အကောင်းကြိုက် သတ္တဝါ
ငါလည်း လူထဲက လူတစ်ယောက်ပါ
နင်ဟာ ငါ့ရဲ့ ဝက်ပါ
နင်ဟာ ငါ့ရဲ့ သရက်ပါ
နင်ဟာ ငါ့ရဲ့ လက်ဖက်ပါ
ငါဟာ နင့်ကိုကြည့်ပြီး အသည်းယားနေတဲ့ တာနောယက္ခဘီလူးကြီးပါ
တဂျွတ်ဂျွတ်မြည်အောင် ဖန်ပေါင်းချောင်ကြီးကိုပါ ကိုက်စားပစ်လိုက်မှာ ..။

(၃)
ငါသွားတဲ့အခါ နင်ရှာတာပဲ
နင်သွားရင်လည်း ငါရှာရတာပဲ
တစ်လှည့်စီ ရှာရင်း .. သွားရင်း
အမြဲတကျက်ကျက် နင်နဲ့ငါဟာ
လျှာနဲ့သွားပါ
အနီးကပ်ဆုံး ရှိနေမှာ ..။

FACEBOOK FAN PAGE