Subscribe Twitter FaceBook

Saturday, November 29, 2008

ညီမလေးဖွက်ထားတဲ့ ပန်းပွင့်စကားထာ

မျက်လုံးတွေမှိတ်မပစ်ခဲ့ဘူး
မီးတွေ ဟုန်းဟုန်းကျွမ်းမြေ့စေဦးတော့
အဲဒီညနေခင်းထဲမှာပဲ…. ငါနေမယ်

အဝေးသို့မျှော်ရင်းကပင် နီးစပ်မှုများအကြောင်း တွေးနေမိပါသည်။ ဘယ်လိုစိတ္တဇမျိုးလဲတော့မသိ… ညီမလေးကသာ ကိုယ့်အိပ်ယာဝင်ပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။ ဇင်ဇင်၊ နောက်ဆုံးအင်္ဂါနေ့၊ မိသံစဉ်၊ ဗာဂို…. ထို ကဗျာများအကြောင်း ညီမလေးကိုပြောပြရင်း ကိုယ်သွေ့သွေ့အက်အက်ရယ်မိ၏။ ညီမလေးက ဆောင်းခိုငှက် များ ပျံသန်းမလာသေးသည့် နှင်းပွင့်မြို့တော်ဖြစ်သော်လည်း ကိုယ်ကမူ ဒဏ်ရာဒဏ်ချက်တချို့ရှိသည့် ပြိုပြိုလဲ လဲ ဂစ်တာတစ်လက်ဖြစ်နေသည်။ အိုး….. မတူညီလှပါကွယ်။ ကောင်းကင်တစ်ခင်းထဲတွင်တောင် နေနှင့်လမှာ အရောင်အ၀ါချင်းမမျှခဲ့ကြ။ ဆုံမှတ်နှစ်ခုအကြောင်းတွေးတိုင်း မောမိပါသည်။ မောပန်း၍ပင် သက်ပြင်းချဖြစ်ပါ သည်။ ထိုသို့ သီသီဖွဲဖွဲသက်ပြင်းချနေရင်းကပင် ညီမလေးအားချစ်မိနေပြန်၏။ ညီမလေး၏ ညနေခင်းတွေထဲမှာ သာ ကိုယ်နေချင်လှပါသည်။



မိုးမြင့်ကိုလှမ်းမယ့် ပွင့်ချပ်ခြေဖ၀ါးအစုံအောက်မှာ
တကယ့်ကို…. ရိုရိုကျိုးကျိုး
မသိမသာလေးပဲ လှေကားထစ်ဖြစ်ပေးချင်တယ်

“ညီမလေး…. ကိုယ့်ရဲ့ညီမလေး…. လွမ်းလွမ်းဆွေးသီချင်းတွေထဲက ညီမလေး…. ခဏခဏအိပ်မက် တွေထဲက ညီမလေး….” ထိုသို့ပင် ညီမလေးကို တမ်းတနေမိပြန်ပါသည်။ တစ်မနက်ခင်းစာလောက်ပဲဖြစ်ဖြစ်…. ကျောပိုးအိတ်လေးဖြစ်ပေးပါ။ ညီမလေးကို ယုယုယယ သယ်ပိုးထားချင်ပါသည်။ ထုံးစံမဟုတ်သော်လည်း ကိုယ့် ကျောပြင်တွင် ပန်းများပွင့်ကြပါလိမ့်မည်။ ညီမလေး မြင် မမြင်တော့မပြောတတ်။ ကိုယ့်အပြုံးများအားလုံး ရင်ဘတ်တစ်ခြမ်းသုံးထားခဲ့ခြင်းဖြစ်ပါသည်။ ခုတ်လှဲခံရသည့်တိုင်အောင် သဘောထားကြီးကြီးထားခဲ့သော သစ် ပင်သည် ကိုယ်ဖြစ်၏။ ညီမလေးနင်းဖြတ်မည်ဆိုပါက လှေကားထစ်ပင်ဖြစ်ပေးလိုက်ချင်ပါသည်။



ခါတိုင်းလိုပါပဲ….
ညက နက် နက် ရှ ရှ

ညီမလေး ကိုယ့်ကိုသတိရနေမလားတော့ ကိုယ်မသိပါ။ ကိုယ်ကတော့ ညီမလေးကို ရေတံခွန်၏ စီးဆင်းမှုလိုပင် သတိရနေခဲ့ပါသည်။ တကယ်တော့ ညီမလေးသည် ကိုယ်ဗိုင်းငင်ရန် မ၀ံ့ရဲသေးသော လရောင် ဖြစ်၏။ ယခုအချိန်အထိတော့ ကိုယ်က သန်လျှင်ဖြစ်လျှင် ညီမလေးက ပဲခူးဖြစ်နေပါသေးသည်။ ကိုယ်တို့ မနီးစပ် နိုင်သေးပါ…. ဝေးနေခဲ့… ဝေးနေရ…. ဝေး…နေကြဦးမည်သာဖြစ်၏။ ခါတိုင်းလိုပင်…. ညကတော့ နက်နက်ရှရှ မှောင်မိုက်နေခဲ့ပါသည်။


(ယခုအက်ဆေး၏ခေါင်းစဉ်အား သူငယ်ချင်းဇာတိမှ ကျေးဇူးပြုပါသည်)

Thursday, November 27, 2008

ကိုယ်သီဖွဲ့တဲ့ ခေတ်အဆက်ဆက်က ဘုရင်မအကြောင်း

(၀း ၁း ၀)
ပန်းများ အသစ်တဖန်ပွင့်ဦးမည်ဆိုပါက
‘သူမ’ ရှိရာအရပ်သို့သာ မျက်နှာမူကြစေကုန်သတည်း

(၀း ၁း ၁)
‘ကိုယ့်ဆီ’ ဖွင့်ထားတဲ့တံခါးရွက်တို့မရှိ၊ ပိတ်ထားတဲ့ တံခါးရွက်တို့မရှိ…..
အဲဒီရှေ့မှာမှ နင်ဘာလို့လာရပ်ခဲ့သလဲကွယ်။
အခုဆို…. ကောင်းကင်ကိုမမြင်တော့ မြေပြင်ကိုမမြင်တော့
မိတ်ဆွေ၊ ရွှေမြို့တော်၊ ခေါ်သံ၊ ပြန်ချိန်၊ တိမ်လွှာ…. မမြင်တော့ မကြားတော့
မမြင်ရ မကြားရတော့….
နင်ကလွဲလို့ မမြင်တတ်တော့ဘူးကွယ်။

(၀း ၁း ၂)
ဘယ်လိုဒေသစံတော်ချိန်နဲ့မဆို နင့်ကိုသတိရ…. ထိထိရှရှလွမ်းတယ်
ကောင်မလေးရေ……
သနားသောအားဖြင့် နင့်ကိုယ်နင် ကိုယ့်အနားထပ်လာဖို့ သတိပေးပါ။

(၀း ၂း ၀)
ကျိန်စာဒုက္ခ ရောက်ရမည်ဆိုလျှင်ပင်
ခြေလှမ်းတို့အား သူမ၏ဆန့်ကျင်ဘက်သို့ ဦးတည်မည်မဟုတ်ချေ

(၀း ၂း ၁)
ယုံကြည်မှုကိုပဲကိုးကွယ်ပြီး ဆောင်ဓါးကိုလွယ်မိပါတယ်။
ခရီးလမ်းက ကြမ်းရှရင့်အိုနေပါစေ…..
လမ်းပြကြယ်တို့လင်းနေရုံနဲ့တင် ကိုယ့်အတွက်လုံလောက်ပါရဲ့
ပြုံးနေပါသလား…
နင် တကယ်ပဲ ပြုံးထားပါရဲ့လားကွယ်။

(၀း ၂း ၂)
‘နင့်အကြောင်း’ စာစီစာကုံးတွေ စာလုံးပေါင်းမမှားအောင်ရေးကြည့်ချင်တယ်
တွေးမိသမျှစိတ်ကူးတို့အတွက် အခါခါကြည်မွေ့မိ
ဘယ်နေ့ရယ်လို့တော့ အတိအကျမသိပါဘူး။
ဒါပေမယ့်….. မရောက်ရောက်အောင်လာခဲ့မယ်
ကိုယ့်ကို ခေါင်းစဉ်တစ်ခုခုတပ်ပေးပါကွယ်……..

(၀း ၃း ၀)
ခရီးဦးဆုမွန်တို့ မရှိဆိုစေ
ဝင်ခွင့်စကားကြားရသည်၌ ပျော်ပိုက်ရာ၏

(၀း ၃း ၁)
အငြင်းဝါကျတို့ ဆွံ့ ကန်းသွားပါ….
နင်က မီးတစ်စဖြစ်ရင် ကိုယ်ကမီးအိမ်တစ်လုံးဖြစရမယ်
နင်က နွေရာသီဖြစ်ရင် ကိုယ်ကဥသြတစ်ကောင်ဖြစ်ရမယ်
အငြင်းစကား မကြားရတဲ့ကမ္ဘာဖြစ်စေတော့

(၀း ၃း ၂)
ကိုယ်တို့ လက်တစ်ကမ်းစာပဲဖြစ်ဖြစ် ချစ်ကြ
ဖြည်းဖြည်းချင်း တမ်းတမ်း မှန်းမှန်း လွမ်းကြရအောင်ကွယ်
တကယ်တော့ ကောင်မလေးရယ်…..
ရပ်တန့်နေတာထက်စာရင် ရွေ့လျားရခြင်းက ပိုကောင်းပါလိမ့်မယ်။

(၀း ၄း ၀)
လှိုင်းဒဏ်လေဒဏ် နူးညံ့ငြိမ်သက်သည်ရှိသော်
သက်တံ့ရောင်စဉ်တို့ တ၀ုန်းဖြိုးဖြိုး သက်ဝင်လှုပ်ရှားကြအံ့။ ။




မျက်နှာချင်းဆိုင် ဝေးသွားတဲ့ကမ္ဘာ

အက်ဆေးလေးတစ်ပုဒ်ချရေးမိတယ်။ ခံစားနေရတာကို သေချာလှစ်မပြဘဲ ဖွက်ထားပြီး တစိတ်တပိုင်းပဲ ဖော်ပြထားပါတယ်။ HENCE: ပေးရမယ်ဆိုရင်တော့ တစ်ကြောင်းချင်း သေချာဖတ်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။




မျက်နှာချင်းဆိုင် ဝေးသွားတဲ့ ကမ္ဘာ


“အကြောင်းပြချက်မရှိပါ” ဟူသော အကြောင်းပြချက်ကြောင့်ပင် ကိုယ့်ကိုယ်ကို မုန်းတီးပစ်လိုက်ချင်ပါ သည်။
အိပ်မက်ပေါင်းများစွာ မက်ခဲ့ဖူးသူအဖို့ ယခုအိပ်မက်ကို ရိုးအီမပစ်လိုက်နိုင်သည်မှာ အံ့သြဖွယ်ကောင်း လှ၏။
“မသိခြင်း” အသိကိုပင် ကိုယ် မက်မက်မင်မင် ဖက်တွယ်ထားမိပါသည်။
ခဏလေးအတွင်းမှာပင် ကြာမြင့်မှုပေါင်းများစွာကို စိုက်ပျိုးလိုက်၏။
ကြည့်နေသော်လည်း မမြင်ရသူကို “မျက်မမြင်” ဟု ရဲရဲရင့်ရင့် အမည်တပ်မည်ဖြစ်သော်လည်း မြင်နေ လျှက်နှင့် မကြည့်နိုင်သူအား မည်သို့ခေါ်တွင်ရသည်ကိုမူ ကိုယ်မပြောဝံ့ပါ။ ပြောမိလျှင်လဲ ကိုယ်သည် မိမိဘာသာ မိမိ အာခေါင်ခွဲပစ်သော တေးဆိုငှက်တစ်ကောင် ဖြစ်ရပါလိမ့်မည်။
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီမကသော အရှိန်အဟုန်မျိးဖြင့် ကမ္ဘာလိုလည်ပတ်မိပါသည်။
အစဉ်အလာနှင့်ဆန့်ကျင်စွာပင် မိတ္တူကောင်းခဲ့သော်လည်း မူရင်းကမကောင်းလိုက်ရပါ။
ကြည်ကြည်နူးနူးဟု ဆိုစေကာမူ ကြေကြေကွဲကွဲကို ရွက်ပိုးထားရသောကြောင့် မျက်ရည်စများ လွန်လွန် ကျူးကျူးပါဝင်နေ၏။
အစကိုမသိသော်လည်း အဆုံးကိုသိနှင့်ရခြင်းကြောင့် သက်ပြင်းချသံအနည်းငယ်ထွက်ပေါ်လာပါသည်။
ကိုယ့်ကိုပြန်လည်ဖတ်ရှုကြသော ကဗျာသုံးပုဒ်တိတိရှိသည်။
နရီစည်းချက်မကိုက်သော်လည်း သီချင်းသံကတော့ ပျံ့လွင့်နေဆဲ…… ကိုယ့်မှာ ပြေးရင်းလွှားရင်းကပင် ရပ်တန့်နေရပါသည်။
ကိုယ်……. သူရဲကောင်းမဖြစ်နိုင်တော့ပါ။
တော်လဲမြည်ဟီးသံများကြားမှာ မားမားတန့်ရပ်နေခဲ့သော်ကြောင့်ပင် ကိုယ် သူရဲကောင်းမဖြစ်နိုင်တော့ ပါ။
ယခုလောက်ဆိုလျှင်………....................................................................................................... ................................................................................................................................................... အလင်းစီးပျံ့မှုကို မလိုလားစွာပင် ညသည် တိတ် ဆိတ်ငြိမ်သက်နေလောက်ပါပြီ။
ကိုယ်မဆိုဖြစ်ခဲ့သောသီချင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုးဖွဖွညည်းရင်းကပင် ကိုယ်နှင့် ဝေး၍… ဝေး၍ သွားပါတော့သည်။

Tuesday, November 18, 2008

ကောင်းကင်ပျောက်တဲ့ကြယ် (၂)

ဘ၀မှာ နေညိုခဲ့ဖူးတာလဲအကြိမ်ကြိမ်ပါကွယ်
ခင်းထားမိတဲ့လမ်းတွေ ပျောက်….ရှ
ကိုယ်တို့အရာရာနောက်ကျခဲ့ပြီ။
ကိုယ့်ကိုယ်ကိုမျှောပစ်လိုက်ရတဲ့ပင်လယ်က
ဘာကိုမှလည်း မတမ်းတရဲခဲ့ဘူး။
ကိုယ်က…. ငရဲမီး… ဖွဲမီးပါညီမလေးရယ်……
ညီမလေးက ကိုယ့်တိတ်ဆိတ်ခြင်းတွေကို လင်းစေခဲ့သူ
ကိုယ်က... အဲဒီအလင်းကို တစ်ဘ၀စာရင်းပစ်ခဲ့သူ
ချစ်တာခြင်းတူရင်တောင် ဘယ်သူကပိုမိုက်မဲခဲ့ပါသလဲကွယ်။
ကိုယ်လေ…. မ၀ံ့မရဲမျှော်နေခဲ့ပါရဲ့
အမှောင်တွေရွာကျ….. ကိုယ့်အပေါ်အမှောင်တွေရွာကျ…
မိုးဖို့ ခိုဖို့ ထီးတစ်လက်တစ်လေတောင်ရှာမရဘူး။
တကယ်တော့…. ညီမလေးရယ်…
ဝေးတဲ့အရာတွေက ဝေးနေခဲ့ကြ…….
ကိုယ်တို့လည်း ကမ္ဘာအထပ်ထပ်ပြိုသလို
ငိုလက်စနဲ့ငို…. ငိုရစ်ကြရအောင်ကွယ်။





ကောင်းကင်ပျောက်တဲ့ကြယ်

ဘယ်သူမှမိုးမချုပ်ခင်
မျက်လုံးတွေကအစ နှုတ်ဆိတ်လိုက်ကြရမယ်
ကိုယ်တို့နှစ်ဦးသားရဲ့တေး
ရဲရဲဝင့်ဝင့် ဝေးကြပါစို့ကွယ်။
ကြွေသွားတဲ့ပန်းက ပြန်မပွင့်ခဲ့ဘူး
ရွေ့သွားတဲ့တိမ်က ပြန်လှည့်မလာဘူး
ထွက်ခွာခုတ်မောင်း…… ရထားကလဲ
ဘူတာရုံလေးဆီ ပြန်ရောက်မလာခဲ့ဘူး။
အဲဒီလိုနဲ့ ………. တံခါးတွေပိတ်ပစ်ကြတယ်…..
‘ဒဏ်ရာ’ဆိုတာ စိတ်မှာပွင့်လာတဲ့ နူးနူးညံ့ညံ့ပန်းပွင့်
တနင့်…. နက်နက်ကို မွှေးခဲ့ပါရဲ့။
ဘယ်ဥယျာဉ်ထဲကိုမှ ၀င်ခွင့်မရှိခဲ့တာပဲကွယ်
ကိုယ့်ဒဏ်ရာကိုယ်ကြောင်း အိပ်မက်တွေပါပြောင်းကြရုံ………..
တွေးခဲ့…. တွေ့ခဲ့….. တွေခဲ့……
နောက်ဆုံးတော့လည်း…… နေခဲ့တယ်။



Friday, November 14, 2008

မုန်တိုင်းအထပ်ထပ်အောက်မှ ပေါင်းစည်းခွင့်များ

(၁)
မနက်ဖြန်နံနက်ဆိုလျှင် သူသည် အပျော်ဆုံးသူတစ်ယောက် ဖြစ်နေလောက်ပြီထင်သည်။ ထို မနက်ဖြန် နံနက် ခင်းကိုရောက်ဖို့ သူအချိန်တော်တော်ကြာ စောင့်ခဲ့ရတာဖြစ်သည်။ အချိန် ပေါင်းများစွာ စောင့်ခဲ့ရသည်။ အပြုံး ပေါင်းများစွာ စောင့်ခဲ့ရသည်။ စကားအခွန်းပေါင်းများစွာစောင့်ခဲ့ရသည်။ ထိုသို့ စောင့်စားမှုပေါင်းများစွာ ရင်းနှီးပြီး မှ 'မနက်ဖြန်' ဆိုသော အချိန်ကို ရရှိနိုင် ခဲ့တာဖြစ်၏။ ထို့ကြောင့်ပင် ရောက်လာမည့်မနက်ဖြန်နံနက်ခင်းကို သူ အလွန်မြတ်နိုးရိုကျိုးပါသည်။ ထို 'မနက်ဖြန်' တွင် သူအလွန်ချစ်မြတ်ရသော ချစ်သှူနှင့် လက်ထပ်မင်္ဂလာ ပြုတော့ မည်ဖြစ်သည်။ လူပေါင်းများစွာတက်ရောက်ကြမည့် မင်္ဂလာပွဲကျင်းပရာ မြက်ခင်းစိမ်းစိမ်းသည် ညနေရီဆည်းဆာ အလှနှင့် တွဲဖက်၍ သူနှင့်သူ့ချစ်သူကို ကောင်းချီးပေးနေလိမ့်မည်။ သူ့ချစ်သူလေး သည်လည်း သူကိုယ်တိုင် ရွေးချယ်ဝယ်ယူပေးထားသော မင်္ဂလာဝတ်စုံနှင့် ကမ္ဘာပေါ်တွင်ထိုညနေအတွက်တော့ အလှပဆုံးနတ်သမီးလေး တစ်ပါးဖြစ်နေပေလိမ့်မည်။ နှင်းဆီပွင့်ဝါ၀ါလေးများက သူ့ချစ်သူ၏လှပမှုကို တအံ့တသြငေးကြည့်ရှာမည်။ မြက် ခင်းစိမ်းများကလဲ သူ့ချစ်သူကိုတင်ဆောင်ထားရသည့်အတွက် ဂုဏ်ယူမည်။ မင်္ဂလာပွဲသို့တက်ရောက်လာသူများ ကလဲ သူနှင့်သူ့ချစ်သူ ကို အလွန်ပင်လိုက်ဖက်ညီသောစုံတွဲဖြစ်သည်ဟု တဖွဖွချီးကျူးပြောဆိုနေကြလိမ့်မည်။

သူတို့လက်ထပ်ပြီးသောအခါ သူတို့နှစ်ဦးသာနေထိုင်ရန် ၀ယ်ယူထားသော အိမ်လေးတွင် အတူတကွနေထိုင်ကြ မည်။ နေ့စဉ် သူအလုပ်သွားခါနီးတွင် သူ့ဇနီးသည်အား အနမ်းဖြင့်နှုတ် ဆက်ခဲ့မည်ဖြစ်သလို သူအလုပ်မှ မော မောပန်းပန်းပြန်လာသောအခါတွင်လည်း သူ့ဇနီးကအမောပြေ အနမ်းတစ်ခုသူ့ကို ပုံမှန်ပေးမည်။ ညနေစာစားပြီး ချိန်တွင် သူတို့နှစ်ဦးလက်ချင်းတွဲ၍ လမ်းလျှောက်ထွက်ကြမည်။ ညဘက် သူကွန်ပျူတာရှေ့တွင်ထိုင်ပြီး အလုပ် လုပ်သောအခါ သူ့ဇနီးကလဲ သူ့ဘေးမှနေ၍ ကူညီလိမ့်မည်။ အလုပ်နားရက်များတွင် သူ့ဇနီးကိုခေါ်၍ မြို့၏ လည် ပတ်ချင်စရာကောင်းသောနေရာများကို တစ်နေကုန်လျှောက်လည်မည်။ ညနေကျလျှင် ရုပ်ရှင်ရုံတွင်အသစ်လဲ သောကားကို ၀င်ကြည့်မည်။ တစ်ခါတစ်လေ သူတို့လင်မယား ရန်ဖြစ်ကြမည်။ ပြီးလျှင် သူက ပြန်ချော့မည်။ ပြန် တည့်ကြသောအခါ ရန်ဖြစ်နေခဲ့သောအချိန်များအတွက် အစားထိုး၍ တစ်ဦးကိုတစ်ဦး ယုယကြင်နာကြမည်။ နှစ် အနည်းငယ်ကြာသောအခါ သံယောဇဉ်ထပ်တွယ်စရာ သားသား မီးမီးလေးများ ရရှိလာမည်။ သူ၏ရင်သွေးများ အတွက် သူကြိုတင်စုဆောင်းထားရဦးမည်။ ထိုမှနှစ်များအတော်ကြာသောအခါ သူ့သားသမီးများ အရွယ်ရောက် လာသလို သူတို့လင်မယား လည်း ဘိုးဘိုးဘွားဘွားဘ၀သို့ ရောက်ရှိလာမည်။ မည်မျှပင် အိုမင်းသွားစေကာမူ သူတို့ဇနီးမောင်နှံ၏ချစ်ခြင်းက လျော့ပါးသွားမည်မဟုတ်။

ဖြစ်ချင်တာနှင့်ဖြစ်လာတာ တစ်ထပ်တည်းကျနေသောဘ၀သည် အလွန်ပျော်စရာကောင်းကြောင်း အခြားသူများ ကိုလည်း သိစေချင်ပါသည်။ တွေးကြည့်မိရုံနှင့်ပင် ပျော်စရာကောင်းနေ သည် မဟုတ်လား။ ကြည်နူးစွာ တွေးနေ ရာမှရပ်ပြီး အပြင်ထွက်ရန်အ၀တ်လဲဖို့ ပြင်ဆင်လိုက်သည်။ သူ့ချစ်သူလေးကို ၀င်ခေါ်၍ မနက်ဖြန်အတွက် လို အပ်သည်အချို့ကို ၀ယ်ယူရန်ပင်ဖြစ်၏။ သူ ကားကိုမောင်း၍ ချစ်သူလေးအိမ်သို့ ထွက်လာခဲ့သည်။


(၂)
ကားလမ်းမပေါ်တွင် အနီရောင်ကားလေးတစ်စင်း တရိပ်ရိပ်ပြေးနေ၏။ ကားပေါ်မှ လွင့်ကျလာသော ရယ်သံလွင် လွင်လေးများသည်လဲ ကားလမ်းမပေါ်တွင် ပြန့်ကျဲကျခဲ့၏။ သူက ကားမောင်းရင်းမှ တစ်ချက်တစ်ချက်တွင် ချစ်ရ သူလေး၏ မျက်နှာကို လှမ်းလှမ်းကြည့်မိသလို သူမကလည်း သူ့အားချစ်မြတ်သော မျက်ဝန်းအစုံဖြင့် ငေးနေရှာ သည်။ သူတို့နှစ်ဦး နှုတ်ကသာ စကားသိပ်မပြောကြသော်လည်း ရင်ထဲတွင်တော့ အပြန်အလှန် ကြည်နူးမှုပေါင်း များစွာဖြင့် မရေမတွက်နိုင်အောင် ချစ်စကားများ ပြောနေကြပါသည်။ ယခု သူတို့ချစ်သူနှစ်ဦး မနက်ဖြန်မင်္ဂလာပွဲ အတွက် လိုအပ်သည်အချို့ကို ၀ယ်ယူရန် ကားဖြင့်ထွက်လာခဲ့ကြခြင်းဖြစ်၏။ ကားမောင်းနေရာမှ ညာဘက်လက် ကို စတီယာရင်မှလွှတ်၍ ဘေးရှိချစ်သူလေး၏ လက်ဖမိုးပေါ် ခပ်ဖွဖွလေး တင်ထားလိုက်မိသည်။ ရင်ထဲတွင် ဘယ်တော့မှမရိုးနိုင်သော ရင်ခုန်ခြင်းတစ်ခုက ခါတိုင်းလိုပင် ဖြတ်ခနဲ။ သူမက သူ့ကိုပြန်လည်၍ ပြုံးကြည့်နေတာ လဲ မြင်လိုက်သည်။ သူမ၏ လက်ကလေးတစ်ဖက်ကလည်း သူ့လက်ဖ၀ါးပေါ် ပြန်လည်အုပ်မိုးလာသည်။ သူ ကြည်နူးစွာဖြင့် သူမအား စောင်းငဲ့ကြည့်ပြီးပြုံးပြလိုက်သည်။ အခါများစွာ သူပြုံးနေကျ တည်ငြိမ်အေးဆေး၍ နွေး ထွေးမှုအပြည့်ပါသော အပြုံးမျိုး။ ခဏလေး….. တကယ့်ကို ခဏလေးပင်ဖြစ်ပါသည်။ သို့သော်….. ထိုခဏလေး အတွင်းတွင်……….. ကြိုတင်မမြင်နိုင်ခဲ့သော၊ မထင်မှတ်ခဲ့သော အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားခဲ့၏။
ဟိုဘက်လမ်းကြောမှ မောင်းနှင်လာသော ကားကြီးတစ်စီးက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ သူတို့ကား လေး၏ ခေါင်းတည့်တည့်ဆီသို့……… ရှေ့သို့သူအမြန်ပြန်လှည့်ပြီး ကားကိုဘေးဆွဲချဖို့ကြိုးစားသော်လည်း မမှီနိုင် လိုက်ပါ။ ထိုခဏလေးသည် သူတို့နှစ်ဦး၏ မနက်ဖြန်ကို…. အနာဂတ်ကို… ပြီးပြည့်စုံနေသော အနာဂတ်များကို…. အဆုံးတိုင်…… အဆုံးတိုင်…… သပ်လျှိုခွဲခြမ်းသွားသည်။
တမလွန်ခရီးသို့ အတူတကွပင် ထွက်ခွာသွားကြရသော်လည်း သူနှင့်သူမတို့ အတူဆုံနိုင်ကြရန်မှာ…. မလွယ်ကူ လှပါ။ ကံကြမ္မာ၏စေရာအောက်တွင်….. အရာရာ မသေချာ၊ မတည်မြဲ……..
အရာရာ…… မှုန် ၀ါး ဝေး လွင့် နေခဲ့ရပါ သည်။
(၃)
အမေ….. ကျနော်တို့နှစ်ယောက်ကို မင်္ဂလာဆောင်ပေးပါ……. ကျနော်တို့ အခုလို ခွဲခွာပြီးမနေနိုင်ဘူး…… ကျနော် သူ့ကိုတမ်းတနေသလို သူလဲကျနော့်ကို တမ်းတနေလိမ့်မယ်…… ကျနော်သူ့ကို နေရာအနှံ့လိုက်ရှာနေရ သလို သူလဲ ကျနော့်ကိုနေရာအနှံ့ရှာနေလိမ့်မယ်…….. ကျနော်တို့က သိပ်ချစ်ခဲ့ကြတဲ့ချစ်သူတွေပါ အမေ….. ကျနော်တို့နှစ်ယောက် အသက်ရှင်တုန်း ပေါင်းစည်းခွင့်မရခဲ့ပေမယ့် ၀ိဥာဉ်ဘ၀နဲ့… အရိပ်ချင်းပဲဖြစ်ဖြစ် ပေါင်းစပ် ချင်ပါတယ်…. အမေ….. ကျနော်တို့ကို….. ကျနော်တို့ကို……’
ကောင်လေး၏ မိခင်ဖြစ်သူ အိပ်နေရာမှနိုးလာသည်။ ဒီအိပ်မက်ကိုချည်းပဲ မက်တာလေးရက်ဆက်တိုက်ရှိပြီ။ သားကို အိပ်မက်မက်တိုင်း ရင်တွေနာလှပါသည်။ ခုဆိုလျှင် အိပ်မက်ထဲမှာ သားလည်းနာကျင်နေရတာကိုမြင်၍ ပို၍ပင် နာကျင်ကြေကွဲရပါသည်။ သား၏ ဆိုးကျိုးမိုက်ပစ်များအားလုံးကို တစ်ယောက်တည်းသာ အစားထိုးခံယူ လိုက်ချင်သော်လည်း သား၏ဆုံးပါးခြင်းကိုတော့ မကာကွယ်ခဲ့နိုင်ပါ။ ညသည် မှောင်မြဲအတိုင်း မှောင်နေ၏။
(၄)
အမေ….. ကျမတို့နှစ်ယောက်ကို မင်္ဂလာဆောင်ပေးပါ……. ကျမတို့ အခုလို ခွဲခွာပြီးမနေနိုင်ဘူး…… ကျမ သူ့ကိုတမ်းတနေသလို သူလဲကျမကို တမ်းတနေလိမ့်မယ်…… ကျမသူ့ကို နေရာအနှံ့လိုက်ရှာနေရ သလို သူလဲ ကျမ့ကိုနေရာအနှံ့ရှာနေလိမ့်မယ်…….. ကျမတို့က သိပ်ချစ်ခဲ့ကြတဲ့ချစ်သူတွေပါ အမေ….. ကျမတို့နှစ်ယောက် အသက်ရှင်တုန်း ပေါင်းစည်းခွင့်မရခဲ့ပေမယ့် ၀ိဥာဉ်ဘ၀နဲ့… အရိပ်ချင်းပဲဖြစ်ဖြစ် ပေါင်းစပ် ချင်ပါတယ်…. အမေ….. ကျမတို့ကို….. ကျမတို့ကို……’
အိပ်ယာမှ အလန့်တကြားနိုးလာရသည်။ ခုတလော ဒီအိပ်မက်ကိုချည်း အိပ်လိုက်တိုင်းမက်နေရ၏။ သမီးကို စိတ် စွဲ၍ပင်မက်သည်လား၊ ဒါမှမဟုတ် သမီးသည် သူ့ကိုတကယ်ပင် အိပ်မက်ပေးနေခြင်းလား၊ အတိတ်နိမိတ်တွေ လား။ ပေါင်းစည်းခွင့်မရလိုက်သော ချစ်သူနှစ်ဦးအတွက် နာနာကျင်ကျင်ခံစားရပါသည်။ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ် ချက်တစ်ခုချလိုက်၏။ ကောင်လေး၏ မိဘများဆီဖုန်းဆက်ရန် လက်ကိုင်ဖုန်းခလုပ်များကို နှိပ်လိုက်သည်။
(၅)
မိုးက ခပ်ဖွဲဖွဲရွာကျနေ၏။ ပတ်ဝန်းကျင်က မိုးစက်မိုးပေါက်တို့ရနံ့ဖြင့် လွမ်းစရာကောင်းလှသည်။ ထို မိုးရေများ အောက်တွင် ပို၍လွမ်းစရာကောင်းသော အခင်းအကျင်းတစ်ခု။ ယောင်္ကျားလေးတစ်ယောက်နှင့် မိန်းကလေးတစ် ယောက်ပုံကိုယှဉ်တွဲပြီး မင်္ဂလာအခမ်းအနားတစ်ခု လှည့်လည်လာခြင်းဖြစ်လေသည်။ ဘေးတွင်တော့ သူတို့၏ ဆွေမျိုးသားချင်းများ၊ မိဘများ၊ ညီအစ်ကိုမောင်နှများ စုံလင်စွာ….။ ကောင်လေးနှင့် ကောင်မလေးတို့၏ မင်္ဂလာပွဲ ပင်ဖြစ်ပါသည်။ ဓါတ်ပုံထဲတွင်တော့ နှစ်ဦးသားအပြုံးကိုယ်စီဖြင့်။ မင်္ဂလာပွဲဟုသာ ဆိုသော်လည်း မည်သူမျှ ပြုံး ရွှင်ပျော်မြူးမနေကြပါ။ အားလုံး မျက်ရည်စကိုယ်စီ…. သံဝေဂကိုယ်စီ…. အလွမ်းကိုယ်စီ…..။ လမ်းသွားလမ်းလာ များ၊ ထိုအဖြစ်ကိုမြင်ကြရသူ သိကြသူများလည်း စိတ်မထိန်းနိုင်အောင် ဆို့နင့်ကြရပါသည်။ သူတို့နှစ်ဦး၏ ချစ် ခြင်းတရားကို ကရုဏာသက်ရင်း……. မြင်ယောင်မှန်းဆရင်း ကြည်ကြည်နူးနူးပင် ကြေကွဲဆွံ့အနေကြရပါသည်။ သူတို့ တကယ်ပင် ၀ိဥာဉ်ချင်းပေါင်းစည်းခွင့်ရမည်လား……. သေချာသည်ကတော့ သူတို့နှစ်ဦး အသက်ရှင်နေခဲ့ စဉ်ကပင်……. မကွဲကွာနိုင်လောက်အောင် နှလုံးသားချင်းပေါင်းစည်းခဲ့ကြပြီးဖြစ်၏။ ယခုအချိန်မှစ၍ သူတို့နှစ်ဦး သည် အလွန်လိုက်ဖက်ညီသော မင်္ဂလာမောင်နှံဖြစ်သည်ဟု အားလုံးက တညီတညွတ်တည်း အသိအမှတ်ပြု လိုက်ကြပြီဖြစ်ပါသည်။ ထိုမင်္ဂလာပွဲလေးကတော့……. မိုးရေတွေအောက်မှာပင် ဆက်လက်ထွက်ခွာသွား၏။ မိုးက တဖြည်းဖြည်း သည်းလာလေသည်။
(၀န်ခံချက်။ ။ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုကို ပြန်လည်မှီငြမ်းရေးသားပါသည်။)







ကင်မရာရှေ့တွေ့မိသမျှ (၁)

ဒီတစ်ခါတော့ ကျနော့်သူငယ်ချင်းတွေကို ကျနော်ကိုယ်တိုင်လက်စွမ်းပြရိုက်ထားတဲ့ ပုံလေးတွေပဲ တင်ပါတော့ မယ်။ Funny Photo သဘောမျိုးဖြစ်တဲ့အတွက် ပြုံးကြရမယ်ထင်ပါတယ်။ ကဲ.... ကြည့်လိုက်ကြပါဦးဗျာ။



ပြန်ချင်ပါပြီဆိုမှ ကိုကိုကလည်း ခုထိလာမခေါ်သေးဘူး ဟင့်







နေ့လည်စာထမင်းမစားရသေးဘူး 'ဂွီ'









သရဲဆိုတာ ဒီလိုခြောက်ရတယ် ဂါးးးးးးးးးးးးးးးးးး








အလှူရှင်သဒ္ဒါပေါက်အောင် တစ်ချိန်လုံးပြုံးထားမှ








စားမှာပဲ စားမှာပဲ ငယ့်ကိုလာမတားနဲ့








ခစ် ခစ် ခစ် ခစ်








အလှူတွေဘာတွေနားမလည်ဘူး အိမ်မှာလိုပဲ...... စားမှာ







နဖာကလော်ပေးမယ့် အစ်ကို့








မင်္ဂလာပါ ချာ..........မ








အော်... ငါကလွဲရင် အားလုံးလှ








ဟွင်း ဟွင်း သတ္တိရှိရင် ငါ့လိုပြတ်ပြတ်သားသားကိုက်








တောက်!!! စိန်ထုပ်ကြီးသားဖြစ်လိုက်ပါတော့ကွာ








ကင်မရာမယ် ဘဲဥမှာ ဓါတ်ပုံရိုက်နေတာ 'ဖျတ်'








ဟိုကောင်မက ဟိုလို.... ဒီကောင်မက ဒီလိုအေ့...သိလား








အယ်.... အဆင်လေးတော့....








နောက်ထပ်အအေးတစ်လုံး ဘယ်ကရနိုင်ဦးမလဲ

FACEBOOK FAN PAGE