Subscribe Twitter FaceBook

Friday, March 20, 2009

ပြာတာဝါ၀ါနှင့် ဆားပုလင်း.. အိုင်အိုဒင်း .. စုံထောက်ရှော်ကြီးများအမှု



“ပြာတာဝါဝါနှင့် ဆားပုလင်း .. အိုင်အိုဒင်း စုံထောက်ရှော်ကြီးများအမှု”

တစ်နေ့သ၌ဟု စာရေးဆရာများ သုံးစွဲလေ့ရှိသော တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ရာမှ နိုးထလာခြင်း ကစသော အဖြစ်အပျက် များကို အခြေပြု၍ ယခု တင်ပြ လတ္တံ့သော ဗမာ့ရာဇ၀တ်မှု သမိုင်းတွင် မကြုံစဖူး ကြီးကျယ် ဂယက်ရိုက်ခဲ့သည့် ဤကိုယ်ကျိုးနည်း တက်တက်ပြောင် အမှုဆန်းကြီး အကြောင်း စတင် ဖော်ပြရပေမည်။
အထက်ပါ တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ယာမှ မှုံတိမှုံမွှား ယောင်ဝါးဝါးနှင့် နိုးထလာ ခဲ့လေသည်။ “ဆားပုလင်း ပိုးကောင်နှင့် ငတက်ပြား စိုးမိုးအမှု”၊ “ဆားပုလင်း ပိုးကောင်နှင့် ဒတ်ကလော့ လူသတ်သမားအမှု” ဟူ၍ပင် အထူးအရေးပေး မှတ်တမ်းတင် ထားရသော အမှုအခင်း အကြီးစား များကို ကံအားလျော်စွာ ဖော်ထုတ် ပေးနိုင်ခဲ့သည့် ဆားပုလင်း ပိုးကောင်အား ပုလိပ်မင်းကြီး လူလိန်မှ ဂုဏ်ပြုမည့် ကော်ဖီ ပါတီပွဲရှိရာ ဦးညိုကြီး ကာကာဆိုင်သို့ သွားရောက်ရန် အိုင်ပီပင်ဂွင်းနှင့် ယနေ့နံနက် ချိန်းဆို ထားမိကြောင်း နိုးလျှင် နိုးချင်းပင် ဆားပုလင်း ပိုးကောင် သတိရလေ၏။ ထို့ကြောင့်ပင် ဧည့်ခံပွဲ တက်ရောက်ရန် ပြင်ဆင်ဖြီးလိမ်း ရဦးမည့် အရေးကို တွေးကာ အိပ်ယာမှ အလူးအလဲ ပြူးပြဲပြီး ထလာခဲ့လေသည်။ မနေ့ညက စွပ်ကျယ် လက်ပြတ်လေး ၀တ်ပြီး အိပ်ယာဝင် ခဲ့မိခြင်းကြောင့် လားတော့မသိ။ အိပ်ယာမှ နိုးနိုးချင်းပင် ခန္ဓာကိုယ်မှ အေးစိမ့်သော အရသာတမျိုး ခံစားနေရ ကြောင်းကို (စုံထောက်ပီပီ) ဆားပုလင်းပိုးကောင် သတိပြုမိ လေသည်။
“ဆားပုလင်းထိပ်ခေါင် မောင်ပိုးကောင် နှစ်လုံးထီထိုးရင်း ပုဆိုးပေါင် ဒါ့ ဒါ ဒိ ဒီ ဒေါင်”
သီချင်းလေး တအေးအေး ရွတ်ဆိုကာ မျက်နှာသစ်၊ သွားတိုက်ရန် အလို့ငှာ ရေချိုးခန်း အတွင်းသို့ ၀င်လာခဲ့ လေသည်။ သူဖော်ထုတ် ပေးနိုင်ခဲ့သော ယခင်အမှုများ အတွက် ပုလိပ်မင်းကြီး လူလိန်က သူ့ကို ပါးလျက် နားလျက် ချီးကျူးရဦးမည့် အရေးကို မျက်လုံးမှိတ်ကာ တွေးရင်း စိမ်ပြေနပြေ သွားတိုက် နေမိလေ၏။ တဆက်တည်း မှာပင် သွားတိုက် ပြီးပြီးချင်း ရေပါချိုးလိုက်လျှင် ကောင်းလိမ့် မည်ဟု စိတ်အကြံရသဖြင့် အကျီ င်္ ချွတ်ရန် အတွက် လက်နှစ်ဖက်ဖြင့် စွပ်ကျယ်အကျီ င်္ကို ဆွဲမလိုက်လေ၏။
“ဟင်… အလို… အို…” ဟူ၍သာ အံ့အားတသင့် မြည်တမ်းမိ လေတော့သည်။ အကြောင်းမှာ မနေ့ညက ဝတ်အိပ်ခဲ့သော အကျီ င်္ မရှိတော့ချေ။ ဆားပုလင်း ပိုးကောင် အလွန်ပင် ထိတ်လန့်ု သွားပြီး ကမန်း ကတမ်း အောက်ငုံ့ကြည့်သော အခါတွင် အလွန်တရာ ထိတ်လန့် အံ့သြဖွယ် ကောင်းသော အချင်းအရာကို မြင်လိုက်ရ လေသည်။ အဘယ်ကြောင့်ဆိုသော် မနေ့ညက သူဝတ်ဆင် အိပ်စက်ခဲ့သော စွပ်ကျယ်အကျီ င်္နှင့် ရေလဲပုဆိုးပိုင်းတို့မှာ သူ၏ ကိုယ်ပေါ်၌ မရှိတော့ချေ။ ၄င်းတို့အစား သစ်ရွက်များ ဖုံးလွှမ်း အပ်သော မလုံ့တလုံ လံကွတ်တီနှင့် ပိန်ချပ်ပြားကပ်ကာ ယခုခေတ် မော်ဒယ်လ် မိန်းကလေးများ အတုယူစရာ ကောင်းလှသည့် ဆားပုလင်း ပိုးကောင်၏ ဗိုက်ပူနံကားလေး ပေါ်တွင် ထင်ရှားစွာ ပေါ်နေသော စာကြောင်းများ ကိုသာ မြင်တွေ့ လိုက်ရ လေတော့သည်။
“ကိုင်း… ဘယ့်နှယ့်ရှိစ စုံထောက်ရှော်ကြီး မောင်ပိုးကောင်
သင်၏ အကျီင်္အ၀တ်အစားတို့အားချွတ်ယူပြီး အရှက်ရစေသော
ကျွန်ုပ်ကို အဘယ်သူဖြစ်ချိမ့်မည်ဟု အသင့်
ပိစိညှောက်တောက် ဖြုတ်ဦးနှောက်ဖြင့် တွေးတောဆင်ခြင်မိပါသနည်း ငှီးငှီး”
အလွန်တရာမှပင် သွေးပျက်ခြောက်ခြား အရှက်ရစရာ တစ်ခုကို ခံစားလိုက်ရသူ တို့၏ ထုံးစံအတိုင်း ဘာကိုမှ တွေးတော ဆင်ခြင်နိုင်စွမ်း မရှိတော့ပဲ အာရုံကင်းလွတ်စွာဖြင့် အိမ်ရှေ့သို့သာ လံကွတ်တီ စွပ်လျက်သား သွေးရူးသွေးတမ်း ပြေးထွက်လာ မိလေသည်။ ထိုအခါကျမှပင် ထို့ထက်ပို၍ အံ့သြစရာ ကောင်းသော မြင်ကွင်းကို ဆားပုလင်း ပိုးကောင် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွား ရလောက်သည် အထိ မြင်တွေ့ရ လေတော့၏။ သူ့အိမ်ဝင်း အတွင်းသို့ သူ့လိုပင် ကမူးရှူးထိုး ပြေးဝင်လာသော အိုင်အိုဒင်းလုလင်။ သူ့လိုပင် လံကွတ်တီနှင့်၊ ဗိုက်မှာ စာတန်းကလေးနှင့်။
“ကိုင်း… ဘယ့်နှယ့်ရှိစ အိုင်အိုဖျင်းလုလင်
သင်၏ အကျီင်္အ၀တ်အစားတို့အားချွတ်ယူပြီး အရှက်ရစေသော
ကျွန်ုပ်ကို အဘယ်သူဖြစ်ချိမ့်မည်ဟု အသင့်
ပိစိညှောက်တောက် ဖြုတ်ဦးနှောက်ဖြင့် တွေးတောဆင်ခြင်မိပါသနည်း ငှီးငှီး”
အိုင်အိုဒင်းလုလင်၏ ဗိုက်မှ စာကြောင်းမှာလည်း သူ၏ဗိုက်မှ စာကြောင်းနှင့် ထပ်တူထပ်မျှ နီးပါးပင် ဖြစ်ကြောင်း တွေ့ရှိရလေ၏။ ယခုကဲ့သို့ နိုင်ငံကျော် စုံထောက်ကြီး နှစ်ဦး၏ အ၀တ်အစား များကို ချွတ်ယူရုံ မျှမက ၀မ်းဗိုက် တွင်ပါ မထီလေးစားဆန်သော စာမျိုးကို ရေးဝံ့သည်မှာ တော်ရုံသတ္တိ ကောင်းရုံမျှ ဖြင့်တော့ မဟုတ်နိုင်ချေ။ ဆားပုလင်းပိုးကောင်နှင့် အိုင်အိုဒင်းလုလင်တို့ တစ်ယောက်ကို တစ်ယောက် ယူကျုံးမရစွာ ကြည့်ရှု ငေးမော နေမိကြစဉ်မှာပင် သူတို့၏ အထက်အရာရှိ ဖြစ်သူ အိုင်ပီပင်ဂွင်း ရောက်ရှိ လာလေသည်။ နိုင်ငံကျော် စုံထောက်ကြီး နှစ်ဦး၏ ထူးဆန်းထွေလာ ရယ်စရာ အဖြစ်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသော အိုင်ပီပင်ဂွင်း မှာလည်း ၄င်းတို့နှစ်ဦးထက် မပိုသည့်တိုင်အောင် ၄င်းတို့ထက် မလျော့သော အံ့သြခြင်းမျိုးဖြင့် ပါးစပ်အဟောင်းသား ငေးမောကြည့်ရှုနေ မိလေသည်။
“ဟား…. ကိုယ့်ဆရာတို့ ပါတီတက်မယ့် ၀တ်စုံတွေက အထူးအော်ဒါလားဗျ ဟီးဟီး”
အသံနှင့်အတူ ထပ်မံရောက်ရှိ လာသူကား ပြာတာဝါ၀ါပင် ဖြစ်လေသည်။ ဆားပုလင်း ပိုးကောင်လည်း ရှက်ရမ်းရမ်းကာ ဒေါသတကြီး ပြန်လည် အော်ဟစ်လေ၏။
“နေစမ်းပါကွာ ဒီမှာ အရှက်တကွဲ အကျိုးနည်းမယ့် ကိစ္စကြီး ကြုံနေရတဲ့ကြားထဲ မင်းကတမှောင့်၊ ကဲ … မင်းကရော ဘာလာလုပ်တာတုန်း”
“ပုလိပ်မင်းကြီး လူလိန် လွှတ်လိုက် တာဗျ၊ ဟိုက ဗြစ်တောက် ဗြစ်တောက် လုပ်နေပြီ၊ သူ့လို အထက် အရာရှိကြီးက ပေးအပ်တဲ့ ဂုဏ်ပြုပွဲ ပါတီကို တက်ရောက် ဖို့တောင် လူကလေး ပိုးကောင်က ဘာကိစ္စ နောက်ကျ နေရသလဲတဲ့၊ ဒါဟာ သူ့ကို မခန့်လေးစား လုပ်တဲ့ အပြုအမူ ဆိုရင်တော့ ဂုဏ်ပြုပွဲကနေ နားအုံထုပွဲ အစီအစဉ်ကို ပြောင်းသင့်ရင် ပြောင်းရ လိမ့်မယ်လို့ မှာလိုက်တယ်၊ အဲဒါ လာပြောတာဗျ”
ထိုအခါကျမှပင် ဆားပုလင်း ပိုးကောင်နှင့် အိုင်အိုဒင်း လုလင်တို့လည်း ၄င်းတို့ နှစ်ဦး၏ အရှက်တကွဲ အကျိုးနည်း ရသော ကိစ္စအလုံးစုံကို ပုလိပ်မင်းကြီး လူလိန်အား ပြန်လည်၍ “ဖွ”ခြင်း မပြုပါမည့် အကြောင်း အိုင်ပီပင်ဂွင်းနှင့် ပြာတာဝါ၀ါ တို့အား အနူးအညွတ် ရှိခိုးဦးတင် တောင်းပန် ကြပြီးလျှင် ဂုဏ်ပြုပွဲ ကျင်းပမည့် ဦးညိုကြီး ကာကာဆိုင်သို့ အ၀တ်အစားများ လဲလှယ်ကြပြီး သုတ်သီးသုတ်ပြာ ထွက်ခွာ လာကြ လေသည်။

အလဲအထပ်အချို့ သွားလာလျက်ရှိကြသည်



အလဲအထပ်အချို့ သွားလာလျက်ရှိကြသည်

(၁)
အိပ်ယာက နိုးတော့ မနက် ဆယ်နာရီ ထိုးနေပြီ။ မနေ့ ညက အမေ့ ရောဂါ ပြန်ထလာ သောကြောင့် ပြုစု နေရ တာနဲ့ အိပ်ယာဝင် နောက်ကျ ခဲ့ခြင်း ဖြစ်သည်။ အိပ်ယာကို ကမန်း ကတမ်း သိမ်းပြီး အောက်ထပ်ကို ဆင်းလာ ခဲ့သည်။ အမေ သက်သာ ရဲ့လား မသိ။ သွားကြည့်ရ ဦးမည်။ ပြီးရင် အမေ့ကို ဆေးတိုက်ပြီး စိတ်မချ နိုင်စွာ ထားခဲ့ကာ အလုပ် ရှိရာ သွားရ ဦးမည် ဖြစ်၏။ ပြောမည့်သာ ပြောရသည်။ အခု တလော အလုပ်က မရှိ တစ်ရက်၊ ရှိတစ်ရက်။ အလုပ် မရှိသည့် နေ့ဆို ပိုက်ဆံက တစ်ပြားမှ မရ။ သူ့ အတွက် အဆင် မပြေပုံများ တစ်နေ့လုပ် တစ်နေ့ စားဖို့ မပြောနဲ့…. တစ်နေ့ စားဖို့တောင် တစ်နေ့ အလုပ်ကို လိုက်ရှာ ရသလို ဖြစ်နေသည်။ အမေ့ကို ဆေးတိုက်ဖို့ စရိတ်ပါ ဆိုလျှင် ပြီးပါ လေရော။ အမေ့ ရောဂါ ကလည်း အရင်ကထက် ပိုဆိုး လာသည်။ နေ့တိုင်း အိပ်ယာ ထဲက ထရသည် ကိုမရှိ။ တစ်ခါ တစ်လေ တော့လည်း သူ လောက ကြီးကို စိတ်ကုန် လာမိ၏။ ။ ချမ်းသာသည့် သူများက ပိုပို ချမ်းသာ လာပြီး သူတို့ ဆင်းရဲသူ များကလည်း ဆင်းရဲတွင်း ပိုနက် လာသည်။ ဆက်တွေး နေလည်း စိတ်ညစ်စရာ တွေပဲ ထပ်ပေါ် လာဦး မည်မို့ အတွေးစကို ဖြတ်ပြီး မျက်နှာ သစ်ရန် ဆင်းလာ ခဲ့သည်။
အမေ လှဲနေရာနား ရောက်တော့ အမေ့ပုံ ကြည့်ရတာ မောဟိုက် နေသလိုပင်။ တကယ်တော့ အမေ့ကို ဒီအရွယ်မှာ ဘုရား တရား အတွေး နှင့်ပင် အေးအေး ချမ်းချမ်း နေစေချင် လှပါသည်။ အခုတော့ ပိုမို ထူပြော လာသည့် ရောဂါဘယ တွေကြားမှာ…… အိပ်ယာပေါ် လှဲနေရင်း ကပင် မောဟိုက် ပန်းလျ နေရှာသော အမေ….။ ဒီပုံစံ အတိုင်းဆို အမေရယ်… ဘ၀ကူး သွားရင်တောင် ဖြောင့်ဖြောင့် တန်းတန်း ရှိနိုင် ပါ့မလား…. မတွေးချင် သော်လည်း တွေးလိုက် မိပါသည်။ သူ အမေ့နား ထိုင်ချ လိုက်ပြီး အမေ့ နဖူးကို အသာ စမ်းကြည့် လိုက်သည်။ ဖျားနေတာ မဟုတ်၍ နဖူးကို စမ်းလည်း အမေ သက်သာ၊ မသက်သာကို မသိ နိုင်ပါ။ သို့သော် အမေ့ အပေါ် ထားသော သား တစ်ယောက်၏ မေတ္တာနှင့် ပူပန်မှု တွေတော့ အမေ့ ခန္ဓာကိုယ်ထဲ စိမ့်ဝင် သွားမည် ထင်ပါသည်။ ခပ်ဖွဖွ မေးလိုက် မိ၏။
“အမေ….. နေရတာသက်သာရဲ့လားဟင်”
အမေ ကတော့ စိတ်ပူ နေမှာ စိုး၍ထင့်။ ခေါင်းကို အသာ အယာ ငြှိမ့်ပြ ရှာ၏။ သို့သော် သူသိ ပါသည်။ အမေ ခါတိုင်းထက် ပို၍ မောနေဟန် ရှိ၏။
“အမေ…. သား အလုပ် ရှိမရှိ သွားမေး လိုက်ဦး မယ်နော်….. အမြန် ပြန်လာ ခဲ့မယ် သိလား…. ဘေးအိမ်က မငွေကို အမေ့ကို လာလာ ကြည့်ပေးဖို့ မှာထား ခဲ့မယ် အမေ”
ခါတိုင်း ၀တ်နေကျ ရှပ်အကျီ င်္နှင့် ပုဆိုး အနွမ်း လေးကိုသာ ၀တ်ပြီး သူ အိမ်ပေါ်က ဆင်းလာ ခဲ့သည်။ ဘေးအိမ်က မငွေကို အမေ့အား သွားသွား ကြည့်ပေးဖို့ မှာခဲ့ပြီး ကိုသိန်းဟန်တို့ အိမ်ရှိရာသို့ ထွက်လာ ခဲ့သည်။ တစ်ဆက်တည်း သတိရ သည်က အမေ သောက်ဖို့ ဆေးကုန် နေခြင်း ဖြစ်၏။ ဒီနေ့ အလုပ် လုပ်ရ ရင်တော့ အမေ့ အတွက် ဆေးဝယ် ရဦးမည်။

(၂)
“ကောင်လေး…. အလုပ် မရှိပြန် ဘူးကွ…. ဟိုတလောက လာအပ်တဲ့ အိမ်ကလည်း ရက်ရွှေ့ သွားတယ်… ပြန်ပေ ဦးကွာ”
အိမ်ထဲပင် မ၀င် ရသေး။ အိမ်ပေါ် ကနေ လှမ်းပြောသော ကိုသိန်းဟန် စကား အဆုံးမှာ သူ အတော် မောသွား ရသည်။ ဒီနေ့တော့ ဒုက္ခ ပင်လယ် ဝေဦးမည် ထင်၏။ အိမ်က အခြေ အနေကို တစ်ချက် လှမ်းတွေး လိုက်မိသည်။ မနေ့ ညက ဆန်နှစ်လုံး ကျန်သေးသည်။ အမေက ထမင်း စား၍ မရ သောကြောင့် ဆန်ပြုတ် ပြုတ်တိုက် ရမည်။ သို့သော် ဆန်နှစ်လုံး တည်းနှင့်တော့ ဆန်ပြုတ် တစ်ဝက်၊ ထမင်း တစ်ဝက် ချက်မနေ ချင်တော့။ အမေ့ အတွက်ပဲ ဆန်ပြုတ် ပြုတ်လိုက်ပြီး အမေ ပိုတာ ကိုသာ သူ သောက်လိုက် တော့မည်။ ဒါဆို နေ့လည်စာတော့ ဖူလုံပြီ။ ညနေ အတွက် သူ မတွေးချင် သေးပါ။ ဖြစ်မလာ သေးသော ညစာ အတွက် သူ ကြိုတင်ပြီး ရင်မမောချင်။ သို့သော် ဖျတ်ခနဲ သတိရ လိုက်သည်က အမေ့ ဆေးဖိုး…။ ဟုတ်သည်… အမေ့ကို ဒီနေ့ ဆေးဝယ်တိုက် ချင်လှ၏။ အမေ ဆေးသောက်ဖို့…. အမေ ဆေးသောက်ဖို့…… သူ့ခေါင်းက ချက်ခြင်း အလုပ်များ သွား၏။ ကိုသိန်းဟန် ကို တစ်ခုခု လှမ်းပြောဖို့ ပါးစပ်ပြင် လိုက်သည်။ သို့သော်….
“တစ်မျိုး မထင်ပါ နဲ့ကွာ ပိုက်ဆံ မရှိဘူးကွ ငါ့မိန်းမလည်း အကြွေးတွေ သွားဆပ် လိုက်တာ ငါတို့မှာ နှစ်ရက်စာ ဈေးဖိုးပဲ ရှိတော့တာ ကောင်လေးရ”
သူပင် မပြော လိုက်ရ။ ကိုသိန်းဟန်က သူ့ ဟန်ပန် မူယာကို ကြည့်တတ်၊ ဖတ်တတ် သွားပြီး သူ့ထက် အရင် ပြောချ တော့သည်။ သူပြောဖို့ ကြံစည် ထားသည့် စီကာ ပတ်ကုံး အသနားခံ စကားတွေ အစား လေပူ တစ်ချက် ကိုသာ “ဟူး” ခနဲ မှုတ်ထုတ် လိုက်ရ၏။ အိမ်ရောက် မှပင် အေးအေး ဆေးဆေး စဉ်းစား တော့မည်။ အခု လောလောဆယ် အိမ်ခဏ ပြန်ပြီး နေ့လည် အတွက် သွား စီစဉ်တာ ကောင်းမည် ထင်သည်။ အလာတုန်း ကလိုပင် လေးလေး ကန်ကန် ခြေလှမ်း များနှင့် ပြန်လာ ခဲ့၏။

စကားလုံးပြပွဲ (သူရဿဝါ ၊ ဇာတိ)

စကားလုံးပြပွဲ (ဇာတိ)



ဒီခွက်ထဲမှာ လက်ဖက်ခြောက်တွေက

အငွေ့ပျံနေသလား ….

တံခါးခေါက်သံမဆုံးခင်မှာ မိုးစုန်းစုန်းလင်းမလား

ဘီးလုံးတွေအလိမ့်မှာ

မီးတဖြန်းဖြန်းခပ်သွား

သစ်ရွက်ခြောက်တွေ အငွေ့ပျံနေပြီ

ဟွန်းမတီးရဘူး ၊ ဟွန်းမတီးရဘူး

လူတိုက်မှုတစ်ခုကြောင့် ငိုနေကြတယ်

“ငါပြောင်းပြန်လှန်ပစ်ချင်နေတာ

သမိုင်းတွေလဲပါတယ်…….”

ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ကြည့်တော့

မြင့်မိုရ်တောင်က ပိုမြင့်သွား

ခက်တာကတော့ မခက်ပါဘူး

သစ်ရွက်ခူးတဲ့လက်တွေမှာ

အောက်စီဂျင်မပါ

နေမြင့်သွားတာကို ခြေဖျားထောက်ပြီးငေးနေတုန်း

ငါ့ယဉ်ကျေးမှုနိမ့်သွားတာအဖတ်တင်

မီးဖိုချောင်က ဆာလောင်နေတာကြားတယ်။



ဇာတိ





စကားလုံးပြပွဲ (သူရဿဝါ)



ကိုယ်ထိုးစိုက်မြင့်တက်လိုက် ……

မီးပွိုင့်က မီးပွိုင့်မှာပြန်မိလို့

ဒီစားပွဲဟာ ကော်ဖီခွက်နဲ့အတုပ်နှောင်ခံထားရ

ညဥ့်ငှက်မလေးတစ်ယောက်လို့ ၊ ယမ်းခါသွားလို့ ၊

ဟောဒီအနီစင်းစင်းလေးတွေ မပြုံးပြသွားမှီ ကိုယ်လည်ပတ်လို့ ၊

သက်တန့်တွေအရောင်မစုံခင် *သမုဒ္ဒရာအကြောင်းဖတ်စာခြုံထားသော

လက်ပတ်နာရီအဟောင်းထဲမှာ ကိုယ်ကျယ်လောင်စွာ

လေတွေတဟူးဟူးတိုက်နေ …… လေတွေတဟူးဟူးတိုက်နေ

ဘာကိုပြေးမြင်လိုက်သလဲလို့ ၀ါကျမဆုံးခင်

ဟုတ်ပါရဲ့ ….. တည်ဆောက်ဖျက်ဆီးနေ

မာရီလင်မွန်ရိုးလေးတစ်ထည်လောက်လိုချင်ရင်း

မနေ့ကစကားတွေလို ဆံပင်တိုတိုညှပ်ရင်း

ကလေးဘ၀တွေ …… စကားထာဝှက်တမ်းတွေ

ခပ်နက်နက်တူးကြည်သကဲ့သို့

ကိုယ်က မင်းဆီ “၍” လာမယ်ဆိုရင် မှန်သလား

တကယ်တမ်းက/ ခန့်မှန်းမိတာက

မဲဇာတောင်ခြေရတုလည်း စီးထွေထွေတည့်ခဲ့

ပုရေနိသင်လည်း ဆက်တိုင်းကြင်ခဲ့

ပေကျံနေတဲ့တစ်ရှူးကိုသုတ်ပေးဖို့ ပါးစပ်တွေက တိုးလာရမယ်

ဘယ်မှတ်တိုင်က ကားကိုကျော်ပြီးရပ်ချင်ပါသလဲ

လက်မမြှောက်လိုက်မချင်း

ပိတ်ထားရင်း၊ ဖွင့်ထားရင်း တံခါးတွေ………….။ ။



သူရဿဝါ



ရည်ညွှန်း - သမုဒ္ဒရာအကြောင်းဖတ်စာ (မင်းခိုက်စိုးစန်)









ကျနော်နဲ့ ဇာတိတို့ “စကားလုံးပြပွဲ” လေးတစ်ခုလုပ်မိကြတယ်။ ကဗျာတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ကျနော်က ပုံစံ ဟောင်းထဲက ခွဲထွက်ပြီးရေးကြည့်ချင်တယ်လို့ ပြောမိပါတယ်။ ကဗျာရဲ့ အသက်လို့ပြောရင်ရတဲ့ စကားလုံး တွေချည်းသက်သက်နဲ့ ကဗျာကိုတည်ဆောက်ကြည့်ချင်တယ်။ တကယ်တမ်းရေးဖြစ်ကြတော့ ဇာတိက သူ့ကဗျာ ကို “မော်ဒန်ကဗျာ” ဘောင်ထဲကနေပဲ ရေးပြသွားတာတွေ့ရတယ်။ သူ့ကဗျာမှာက ဖတ်သူအတွက် ဘာပြဿနာ မှမရှိလောက်ဘူး။



ကျနော့်ကဗျာကျတော့ ဖတ်မယ့်သူတွေအတွက် (အထူးသဖြင့်မော်ဒန်ကဗျာမဖတ်တတ်ဘူးဆိုတဲ့သူတို့အတွက်) ပြဿနာနည်းနည်းရှိလိမ့်မယ်ထင်တယ်။



“စကားလုံးပြပွဲ” ကိုရေးပြီးတဲ့အချိန်မှာ စာဖတ်မယ့်သူတွေကြားထဲ ချပြသင့်၊ မပြသင့်ကိုတောင်တော်တော်လေး စဉ်းစားခဲ့ရပါတယ်။ ဒီကဗျာကိုဖတ်ပြီးရင် `ဟာ´ခနဲ `ဟင်´ခနဲ ဖြစ်ကုန်ကြမယ့်သူတွေ၊ `ဘာတွေ လျှောက်ရေးထားမှန်းမသိပါဘူး.. ရူးနေတယ်ထင်တယ်´ လို့ မှတ်ချက်ပေးမယ့်သူတွေကို ပြေးမြင်မိလို့ပါ။ ခေတ်ကိုတစ်သမတ်တည်းထားချင်ကြသူတွေရဲ့ကြားထဲက ဖောက်ထွက်လာရတဲ့ မော်ဒန်ကဗျာတွေတောင် သိပ်ပြီးမျက်နှာပန်းလှကြသေးတဲ့အချိန်မှာ ………… ။



ဒီကဗျာထဲမှာ တဖျပ်ဖျပ်လက်ခြင်းသဘောတွေ၊ DECONSTRUCT သဘောတရားတွေ၊ ဘာသာဗေဒဘောင်ကို ချိုးဖျက်ပစ်လိုက်တာတွေ၊ အမှန်တရားမရှိတာတွေ၊ေ၀၀ါးမှုတွေ ထည့်ရေးကြည့်မိတယ်။ ဈေးသည်တစ်ဦးဟာ သူရောင်းတဲ့ကုန်ပစ္စည်းအမျိုးအစားကို ဘယ်လိုကောင်းပါတယ်၊ ဘာတွေအသုံးတည့်ပါတယ်လို့ ပြောသလိုမျိုး ကဗျာဆရာတစ်ဦးက သူရေးထားတဲ့ကဗျာကို ဘယ်လိုကောင်းပါတယ်၊ ဘာဖြစ်ပါတယ်ရယ်လို့ တန်ဖိုးမဖြတ်အပ် ပေမယ့် ဒီတစ်ပုဒ်ကိုတော့ `မော်ဒန်ခေတ်လွန် (POSTMODERN)´ ကဗျာပုံစံထဲချဉ်းနင်းဝင်ရောက်နေတဲ့ ကဗျာ ဖြစ်ပါတယ်လို့ပြောချင်တယ်။



မဖြစ်မနေ HENCE တစ်ခုပေးရမယ်ဆိုရင်တော့…… စကားလုံးတွေချည်းပဲ ခင်းကျင်းပြသထားတဲ့အတွက် ဒီကဗျာရဲ့အသက်ဓါတ်ဟာ ခေါင်းစဉ်မှာပဲရှိနေပါလိမ့်မယ်။

Wednesday, March 18, 2009

အကျဉ်းကျအိပ်မက်များ

မလွတ်လပ်ဘူး
ဘယ်အိပ်မက်ကိုကြည့်ကြည့် ခြေချုပ်မိနေ
အားလုံးရှင်းပစ်လိုက်တာတောင်
“လောကဘောင်” ထဲက မလွတ်ကျွတ်ဘူး
မိုးနဲ့မြေကြား ကမ်းကုန်အောင်မှား………. လို့
ကျွန်တော့်စိတ်ကို ကျွန်တော်ပြန်လည်အကျဉ်းချ
ကျွန်တော်က ကျွန်တော့်စိတ်ထဲမှာ ပြန်လည်အကျဉ်းကျ
ဘ၀ကို သတ်မှတ်ချက်တစုံတရာပေးဖို့
ကြက်ခြေခတ်ကြီးကြီးတစ်ခုပဲလိုမယ်
……………………………………………………
…………………………………………………...
…………………………… ဘာကိုမှ ယုံကြည်လို့မရ
အိပ်မက်တွေထဲမှာ ကျွန်တော် ခပ်ကျယ်ကျယ်အကျဉ်းကျနေ……….။ ။

Thursday, March 12, 2009

ညီမလေးဖွင့်ထွက်သွားတဲ့လှောင်အိမ်

ကိုယ့်အနားမှာတော့ လွတ်လပ်သောလေဟာနယ်နဲ့
မလွတ်လပ်သော ကိုယ်ကိုယ်တိုင်ပဲကျန်ရစ်
ညီမလေး …… လှောင်အိမ်တံခါးကို ဖွင့်ထွက်သွားခဲ့ပြီ
ကျန်တာတွေမစဉ်းစားမိပါဘူး
`မင်းမရှိတော့ပါလား´ ဆိုတဲ့အသိနဲ့တင်မွန်းကျပ်
ဝေးကွာခြင်းအစွန်းမှာရပ်လိုက်တယ်
ရှုခင်းတွေ ………… လှလိုက်တာညီမလေးရယ်
လှောင်အိမ်ရဲ့အပြင်ဘက်မှာ အဲဒီရှုခင်းတွေလှလိုက်တာ …….
တစ်ယောက်အရိပ်ကိုတစ်ယောက်စောင့်ရှောက်ကြ
တစ်ယောက်ရင်ငွေ့ကိုတစ်ယောက်တိုင်တည်ကြ
ဒီလောက်ချည်နှောင်ခဲ့ကြပြီးမှကွယ်
ညီမလေးကလွဲရင်
ညီမလေးနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုတောင်မုန်းတယ်
အဲဒီအချိန်တွေကို
လှောင်အိမ်ထဲက လှမ်းလှမ်းခေါ်နေရတာ ……….. မုန်းတယ်
ညနေနဲ့အတူ နေ၀င်ဖျိုးဖျ အမှောင်ကျသူ
ညနေနဲ့အတူ ဒဏ်ရာတွေသိမ်းထုပ် မိုးစုန်းစုပ်ချုပ်ခဲ့ရသူ
ညနေနဲ့အတူ နောင်တကိုနောက်တစ်ရက်ထဲ ထည့်ပေးလိုက်ရသူ
ကိုယ့်ကို ……. ညနေတွေကတော့ ချစ်ပါလိမ့်မယ်
ညီမလေးရေ …….
ပုံပြင်လိုစပြီး ကိုယ်တို့ပုံပြင်လိုပဲဆုံးခဲ့ရ
လှောင်အိမ်အပြင်ကိုမကြည့်တော့ဘူး
ညီမလေးကျောခိုင်းသွားတာကို မသိတော့ဘူး
လှောင်အိမ်ထဲမှာ လွတ်လပ်သွားတဲ့ကောင်က
ပြီးခဲ့သောပုံပြင်ကိုပဲ တမြေ့ဖွဖွ
`တစ်ခါတုန်းက ….. တစ်ခါတုန်းက´ လို့ ပြန်စနေခဲ့တယ်။

Tuesday, March 10, 2009

ကဗျာတွေထဲတွန်းချခံထားရတဲ့ ၁၉ နှစ်သားဟာ



“ကဗျာတွေထဲတွန်းချခံထားရတဲ့ ၁၉ နှစ်သားဟာ”


ဒီကောင်လေးကို
ကဗျာတွေထဲ ဘယ်သူတွန်းချလိုက်သလဲ

လှိုင်းတွေလိုပါပဲ
ငြိမ်သက်ရင်း ကူးခတ်ရင်း
လူးချည်လွန့်ချည်နေရင်း
တနေ၀င် တနေထွက်နဲ့
ပင်လယ်နံပါတ် ၁၉ ကို ပျိုးယူလိုက်တယ်

သူ့မျက်လုံးထဲမှာ တက်ကြွမှုတချို့
သူ့အတွေးထဲမှာ အရေခွံလဲချင်လာတဲ့ နုနယ်မှုတချို့
သူ့စကားထဲမှာ အနုစိတ်ထားတဲ့ စူးစမ်းမှုတချို့
အံ့သြစရာတော့ကောင်းပါလိမ့်မယ်
ကျွန်တော်က သူ့ကိုယ်ထဲ ၀င်ပူးကပ်ပြီးကြည့်တာ
………………………….. တချို့ကိုတွေ့တယ်

သူလိုကိုယ်လိုခရီးပါပဲ
ခရီးဆောင်အိတ်မပါဘူး၊ ရေဘူးမပါဘူး၊
သူလိုကိုယ်လိုခရီးတစ်ခုထွက်လာတယ်
အချစ်ရှိတယ်၊
အမုန်းရှိတယ်၊
ကောလဟာလရှိတယ်၊
ပျင်းပျင်းရိရိရှိတယ်၊
လက်ဖက်ရည်ချိန်ရှိတယ်
သူလိုကိုယ်လိုခရီးဆိုတော့
တခါတလေ….. သွားရင်းလာရင်း ဖိနပ်ပေါက်တယ်

ချုပ်ရိုးပြတ်နေတဲ့လူ



ရေးချလိုက်သမျှ အငြင်းဝါကျတွေပဲပါလိမ့်မယ်
ဒီကဗျာအပေါ် မျှော်လင့်ချက်သိပ်မထားပါနဲ့
ဘယ်လို ဆက်ရွေ့လျားရမယ်မသိ
ဘယ်လိုလှော်ခပ်လို့ ဘယ်ကမ်းကပ်ရမယ်မသိ
ဘဝမှာ…ချုပ်ရိုးတွေပြတ်နေတဲ့လူ
ခင်ဗျား ဘာတွေကို မြင်သလဲ
ကျနော်နဲ့တော့ တူလိမ့်မယ်မထင်ဘူး
လျှံလျှံဖွားဖွား ငရဲမီးတွေရယ်…
ပက်ကြားအက်နေတဲ့ ကောင်းကင်ရယ်. . .
သိုးသွားတဲ့ ပေါင်မုန့်တွေရယ် . . .
ကျနော့် မျက်လုံးအသေတွေထဲမှာ
အနိဌာရုံတွေပဲ မြင်တယ်
တဆစ်ဆစ်နာကျင်ရလွန်းလို့
ချုပ်ရိုးတွေဖြတ်မိတယ်
မလွတ်မြောက်ဘူး…အသစ်တဖန်ကိုမတွေ့ဘူး
ပျော်ရွှင်ခြင်းဆီ ကြေးနန်းရိုက်လို့မရဘူး
အဲဒါနဲ့ပဲ . . . ဖြတ်တောက်ပြီးသားချုပ်ရိုးတွေကို
နောက်တစ်ခေါက်ဖြတ်မိနေတယ်
ဒီကဗျာအပေါ်မျှော်လင့်ချက်သိပ်မထားပါနဲ့
ချုပ်ရိုးတွေတပတ်ပြီးတပတ်
အရှိုးရာအထပ်ထပ်နဲ့လူ………….၊၊ ၊၊

သုညတစ်လုံးရဲ့ (၁၇) နှစ်မြောက် မွေးနေ့



“သုညတစ်လုံးရဲ့ (၁၇) နှစ်မြောက် မွေးနေ့”

ဒီနေ့ (၄. ၃. ၂၀၀၉) မှာ (၁၇) နှစ်ပြည့်သွားတဲ့ . . . . . . . . .
စုဘူးက ချစ်သောညီမလေး ဇီးရိုး (ခေါ်) ကြည့်ရှောင်ခွ မိအောင်လှလို့
လန်းပါစေ။
သွားလေရာ၊ ရောက်လေရာ၊ အင်တာနက်ဝင်သုံးမိသမျှနေရာတိုင်းမှာ
ဇီးရိုးလေးရဲ့ ကော်နက်ချင်ဂျီး တဂွီးဟီးဟီးမြည်ပါစေ။
ကျူရှင်ကိုသွား၊ ကျောင်းကိုသွား ဘတ်စ်ကားများလည်း ချောင်ပါစေ။
အိမ်ပြန်ရေချိုး၊ ပိုက်ဆံခိုး မုန့်ဖိုးများများရပါစေ။
ဟိုပြောဒီပြော ‘ဟယ်လိုကောလ်’ တိုင်းအဆင်ပြေ၊ ဟန်းဖုန်းဘေလ်လည်း
နည်းပါစေ။
‘လိုက်ချင်ဦးဟဲ့ ဒိုနေးရှင်း’ အိမ်ကဆူတာ ကင်းပါစေ။
ဘဲချောချောလေးတွေ့တဲ့အချိန် ‘စိန်ပလိန်တိမ်လည်းဂွိန်’ ပါစေ။
(၁၇) နှစ်ပြည့် ဤမွေးနေ့ မုန့်ကျွေးဖို့လည်း မေ့ပါစေ (ဒါမှ ဒင်း ပိုက်ဆံမကုန်မှာကိုး ဟီဟိ) ။

သူရဿဝါ

အပေါင်းအသင်းများနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း




ကဗျာတွေကို စားပွဲပုပုလေးပေါ်တင်ထားတယ်
စကားလုံးတွေကို ခပ်နာနာမွှေနှောက်ပစ်တယ်
ကျွန်တော်တို့ ဒူးထောင်ပေါင်ကားထိုင်နေရပေမယ့်
ကျွန်တော်တို့ ဒူးထောင်ပေါင်ကားကဗျာတွေမကြိုက်ကြဘူး
ပြောလက်စနဲ့ . . . .
ဘယ်အယူအဆအေးစက်စက်တွေကိုသွန်ပစ်ရမလဲ
ပြောလက်စနဲ့ ပြောမိတယ်
နှုတ်ခမ်းမှာ စီးကရက်လေးတေ့ပြီး ဖွာရှိုက်လိုက်သလိုပဲ
ခေတ်ပေါ်အနုပညာကို
နှုတ်ခမ်းဖျားမှာတေ့ပြီး ဖွာလိုက် ရှိုက်လိုက်ကြတယ်
ကျစိမ့်တစ်ခွက်၊ လန်ဒန်တစ်ပွဲ၊ ရေနွေးကြမ်းတစ်အိုး
အဲဒီလိုမျိုး
အာရုံခံစားမှုကိုကျတော့ ဘာလို့ ခပ်လွယ်လွယ်မှာယူလို့မရတာလဲ
ဘာလို့ လက်ခုပ်တီးပြီးခေါ်ယူလို့မရတာလဲ
ရေနွေးကြမ်းတစ်ခွက်ပြီးတစ်ခွက်ငှဲ့ရင်း
နီကိုလပ်စ်ကေ့ခ်ျကို…. ရှာရာပိုဗာကို….
လေရူးသုန်သုန်ကို…. အင်တာနက်အီးမေးလ်ကို…..
တစ်ခွက်ပြီးတစ်ခွက်ငှဲ့ကြတယ်
ပြောလက်စနဲ့……
ဒဏ်ရာအနာတရတွေစိတ်နဲ့ဖြစ်ကြ
ဘောင်တချို့ကြားကလွတ်အောင်ရုန်းကြ
ဘာသာဘာဝ ရယ်ကြမောကြ ဆဲကြဆိုကြ
‘ငါ့ကောင်မလေးက……..’ သတိရကြ
ကဗျာတွေခပ်ဖွဖွရွတ်ကြ
ပြောလက်စနဲ့ ပြောကြပြန်တယ်
ကျွန်တော်တို့ အဆုံးမသတ်နိုင်ဘူး
ကဗျာနဲ့စပေမယ့် ကဗျာနဲ့မဆုံးနိုင်ဘူး
ဖွင့်ထားတဲ့သီချင်းမပြီးခင်…..
ခြေတစ်ဖက်လှုပ်စည်းချက်လိုက်လို့မပြီးခင်….
လက်ဖက်ရည်ဆိုင်က ထထွက်လာသလိုမျိုး
ပြောလက်စနဲ့ ထထွက်လာကြတယ်
ကျသင့်ငွေရှင်းရင်း ပြန်အမ်းငွေယူရင်း
ကဗျာတွေရှင်းလို့မရသေး…..
ကဗျာတွေပြန်အမ်းဖို့ စိတ်အကြွေမရှိသေး….
ပြောလက်စနဲ့ ဖွင့်ထားသောကဗျာများ
စည်းချက်လိုက်လို့မပြီးခင် ပြန်အမ်းငွေယူပြီး
လက်ဖက်ရည်ဆိုင်က ထလာကြတယ်
နောက်တစ်နေ့လည်း…….
ပြောလက်စနဲ့ကဗျာတွေ စားပွဲပုပုလေးပေါ်မှာ။ ။

စကားလုံးများနှင့် အမဲလိုက်ခြင်း




‘မည်သည့်အရာကိုမျှ သိမ်းပိုက်မထားခြင်းသည်ကောင်း၏’ ဟု စာရေးဆရာတစ်ဦးက ရေးပြပါသည်။ ကျနော်က တော့ ‘ကို့ယို့ကားယားကြီး’ ဖြစ်နေသူတစ်ဦးကိုသာ မြင်ယောင်မိ၏။ ကျနော်က အမှတ်သည်းခြေနည်းသူတစ်ဦး ဖြစ်သည်။ ‘အဝေးသင်’ ကျောင်းသားမို့ ‘အ၀င်သေး’ သလားတော့မသိပါ။ လောကသည် အပျိုဖော်ဝင်စမိန်းမတစ် ဦးနှင့်တူ၏။ အပြောင်းအလဲမြန်သည်။ မာယာများသည်။ ငိုရန်၊ ရယ်ရန်လွယ်သည်။ အချင်းတို့ ‘ဖိုက်ရဲ’ မှ ‘ဖဲရိုက်’ တာ ပို၍သင့်တော်မည်ဟု အကြံပေးလိုပါသည်။ ထပ်ပြောပါဦးမည်။ လောကသည် . . . . . . .
‘ဆာလောင်’ တတ်ပါက တစ်ခုခုတော့ ‘ဆောင်လာ’ ခဲ့ပါ။ ကျနော့်စကားက တော်တော်နှင့်ပြတ်မည်မဟုတ်။ ‘အပျော်ဖတ်’ စာအုပ်နှင့် ‘အပြတ်ဖော်’ သောရုပ်ရှင်များကိုတော့ တံခါးဖွင့်မပေးနိုင်ပါ။ ကောင်မလေးရေ . . . . . ကောင်မလေးရေ . . . . ဟု အော်ခေါ်မိ၏။ ထမင်းစားမည်ဆိုလျှင် အနည်းဆုံး . . . ဟင်းတစ်ခွက်တော့ လိုအပ်ပါ သည်။
မြန်မာစာတတ်သော်လည်း ယခုထိ မြန်မာလိုမတတ်သေး။ ကဗျာရေးမိကတည်းက အရူးလင်လုပ်သလိုဖြစ်နေ တော့သည်။ ‘အရေပြား’ များ ‘အယားပြေ’ လာချိန်တွင် ကျနော်အနားယူပါမည်။ မီးမမှိတ်ဘဲအိပ်တတ်ရန် ကြိုးစား ထား၏။ ကျနော့်ကိုယ်စား သီချင်းဆက်ဆိုပါ။ မှောင်မှောင်မဲမဲတွင် ‘ခြေဆင်း’ ထိုင်မှတော့ ‘ခြင်ဆေး’ လိုမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်။
ကျနော် အမဲလိုက်နေ၏။ မြို့ကြီးပြကြီးတွင် အမဲလိုက်ရန်မလွယ်သဖြင့် တောထဲတောင်ထဲသွားရသည်။ ထိုသို့ သွားသောကြောင့် ကျနော်က ‘တောရောက်တောင်ရောက်’ ဖြစ်နေ၏။ ထို့ကြောင့် ကျနော့်ကို ‘အရူး’ ဟု သမုတ် ကြလိမ့်ဦးမည်။ အမှန်တော့ တောရောတောင်ရောရောက်ဖူးသောကြောင့် ကျနော်က ‘နှံ့စပ်သူ’ တစ်ဦးသာဖြစ်၏။ ယခုစာကြောင်းအထိတော့ ကျနော်အမဲလိုက်နေတုန်းသာ ဖြစ်ပါသည်။

ကျုပ်တို့ကောင်တွေ မြွေခြောက်ကိုက်နေတယ်



ကျုပ်တို့ပြောနေကျ မြွေခြောက်ကိုက်တယ်ဆိုတာ ဒါလား~~~~
ဒီမှာ ပြဿနာတွေ စုဝေးသင်းဖွဲ့
ဒီမှာ လစဉ်တိုးတွေ သိုင်းဝိုင်းကိုက်ခဲ
ဒီမှာ အိပ်ရေးပျက်နေ့တွေ စီစဉ်စုဝေး
ဒီမှာ အမှောင်ထဲကမျက်လုံးတွေ ကြောင်စီနီရဲ
ကဲ…. အစုလိုက်အပြုံလိုက် မြွေခြောက်ကိုက်တယ်
ကျုပ်တို့ပြောနေကျ မြွေခြောက်ကိုက်တယ်ဆိုတာ ဒါပေါ့
ပြဿဒါးက ခေါင်းနဲ့မလွတ်ဘူး
နဂါးခေါင်းက ဟိုဘက်နည်းနည်းမတိုးဘူး
စိတ်ရှည်ကြည့်တယ်… သည်းခံကြည့်တယ်
ငွေနံ့ကြေးနံ့က လမ်းကြောင်းမမှန်ဘူး
တစ်ရက်တစ်လေပဲဖြစ်ဖြစ်
ခပ်မြူးမြူးတေးသွားလေးတစ်ပုဒ်လောက်နဲ့ ကချင်ပါသေးတယ်
အခုတော့~~~~ ကျုပ်တို့ပြောနေကျ~~~~
ကျုပ်တို့ပြော, ပြောနေကျ မြွေခြောက်ကိုက်တယ်ဆိုတာ~~~~
ဟုတ်တယ်ဗျာ
ကျုပ်တို့က မြွေခြောက်ကိုက်နေကျကောင်တွေ။ ။

အဖြူရောင်ကဗျာ




ကျွန်တော့်ဆီကိုမှ
အဖြူရောင်ကလေးတစ လွင့်ကျလာ……
ပါးချိုင့်လေးတစ်ဝက်နဲ့ လှတယ်
ဆံပင်လေးစည်းထားတာ လှတယ်
အဲဒီ “အဖြူရောင်မလေး” က
“အဖြူရောင်စိတ်လေး” နဲ့ ……. သိပ်လှပါတယ်။
ကြည့်လိုက်မိတိုင်း
ကျွန်တော့်ဆီပဲ စီးဆင်းနေချင်တဲ့ပုံမျိုး
ကြွေကျလာတိုင်း
ကျွန်တော့်မှာပဲ ကမ္ဘာမြေဆွဲအားရှိနေသလိုမျိုး
ဖြူဖြူဖျော့ဖျော့ ထိုင်နေတတ်ပြန်တယ်။
ဘယ်လောက်ရွေ့လျားနေသလဲ
ကျွန်တော့်ရဲ့အဖြူရောင်မလေးက
ကျွန်တော့်ဆီကို …… ဘယ်လောက်အထိ
…….ဘယ်လောက်အထိများ…….. စုန်ဆန်နေရှာပါသလဲကွယ်။
တခါတခါတွေးကြည့်မိ
ကျွန်တော် “ရယ်” လိုက်တိုင်းအဖြူရောင်လေး “မော” ရသလား
သိနေခဲ့ပါတယ်
ဆောင်းကိုမမြင်သေးဘဲနဲ့တောင်
“အဖြူရောင်လေး” က ဖွဲ….. ကြွေ…… မှုန်……. ဝေ
နှင်းတွေ စွေနှင့်ရတာ
ဒါ…. အရမ်းလှတဲ့ တန်ဆာဆင်မှုပါကွယ်
ကျွန်တော်သိပါတယ်
တကယ်ပါပဲ
ကျွန်တော့်ရင်တည့်တည့်ကိုမှ
ဖြူဖြူလွလွ “အဖြူရောင်ကဗျာလေး” တစ်စ
လွင့်…….. ကျလာခဲ့တာ…………

သုညတစ်လုံးရဲ့ဗလာမီးအိမ်




ပြန့်နေတဲ့စိတ်ကိုပဲ
ထပ်ပြီးဖြန့်ချလိုက်တယ်
“သုည”တွေချည်း နေကြမယ့်ခေတ်
မိုးကုပ်စက်ဝိုင်းအထိ ပွင့်ပစ်မယ်။
ဥာဏ်နီဥာဏ်နက်တွေထည့်သိုထားသောမျက်လုံး
အဲဒီဘ၀တွေ “ဆုံး” ပြီ
“ဘာမှမရှိဘူး” လို့တော့မပြောပါနဲ့
ဗလာကိုမြင်ချင်ရင်
ကိုယ့်စိတ်ကိုယ်အရင် မီးညှိတတ်ဖို့လိုတယ်။
တစ်လောကလုံးကြားရအောင်
တိတ်တိတ်လေးနေလိုက်ပါတယ်
ကြားလော့...... ကြားကြလော့......
အတွေးက ပြိုင်းပြိုင်းရိုင်းရိုင်းမှောင်လာတဲ့အခါ
မီးအိမ်တစ်လုံးထွန်းမိတယ်
ဗလာပါ.... သုညပါပဲ.....
တစ်ကိုယ်စာ လုံခြုံရုံလောက်လေး..........
...............လင်းတယ်။
ဗလာလက်နဲ့ထွန်းခဲ့တဲ့ သုညတ္တမီးအိမ်
ဘယ်အရှိန်အ၀ါမှလည်း မလိုပါဘူးကွယ်
မိုးကုပ်စက်ဝိုင်းအထိ.....
တဟုန်းခွင်းခွင်း ပွင့်လင်းပစ်လိုက်မယ်။ ။

အနမ်း



စိတ်, စိတ်ချင်း အပ်နှင်းတယ်
စိတ်, စိတ်ချင်း ရင်ချင်းအပ်တယ်
စိတ်, စိတ်ချင်း ကြေးနန်းပို့တယ်
စိတ်, စိတ်ချင်း ယှဉ်ထိုင်တယ်
စိတ်, စိတ်ချင်း ဖွဖွရွရွကြည့်တယ်
စိတ်, စိတ်ချင်း မ၀ံ့မရဲဖြစ်တယ်
စိတ်, စိတ်ချင်း တစ်သားတည်းထပ်သွားတယ်
အဲ့ဒီနောက် . . . . . .

စိတ်, စိတ်ချင်း ပြုစားလိုက်ကြတယ်

မော်ဒန်ကောင်



ကျွန်တော် ဒေါင်လိုက်ကြီးလဲကျပြီး
အလျားလိုက်ရွေ့လျားနေတယ်
ကျွန်တော့်အပိုင်းအစတွေ ဆက်စပ်စုဝေးကြတယ်
ကျွန်တော်က အချိုးဖျက်ထားတယ်
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ဖန်ဆင်းလိုက်တယ်
ကျွန်တော် ရုန်းဖောက်ခံစားနေတယ်
ကျွန်တော်က အခိုက်အတန့်ဖြစ်နေတယ်
ကျွန်တော် ကျယ်ပြန့်လင်းချင်းတဲ့ဟင်းလင်းခွင်ထဲရောက်နေတယ်
ကျွန်တော် ဗဟိုချက်မဲ့နေတယ်
ကျွန်တော် အဆက်အစပ်ကင်းမဲ့နေတယ်
ကျွန်တော် ကစဥ့်ကလျားဖြစ်သွားတယ်
ကျွန်တော့်ကို စိတ်လှုပ်ရှားမှုရိုက်ခတ်နေတယ်
ကျွန်တော့်တည်ချက်ကိုဖြန့်ပြတယ်
ကျွန်တော့်ပန်းတိုင်ကိုဖြန့်ပြတယ်
ကျွန်တော်က စံလွဲနေတယ်
ကျွန်တော် အမြင်ရောပြွန်းမှုဖြစ်နေတယ်
ကျွန်တော် စိတ်အာရုံပုံကြမ်းရေးခြစ်နေတယ်
ကျွန်တော့်စိတ် အလိုအလျောက်စီးဆင်းနေတယ်
ကျွန်တော် တိတိကျကျမဆုံးဖြတ်နိုင်ဘူး
ကျွန်တော် အခု.....
မော်ဒန်ခေတ်လွန်ဆီကို အလျားလိုက်သွားနေပါတယ်။
သူရဿဝါ
REFERENCE 1: အချိုးဖျက်ခြင်း (Distortion)
ပြန်လည်ဖန်ဆင်းခြင်း (Recreation)
အခိုက်အတန့်ဖြစ်မှု (Moment of Being)
စိတ်လှုပ်ရှားမှုရိုက်ခတ်ခြင်း (Emotional Force)
အမြင်ရောပြွန်းမှု (Optical mixture)
စိတ်အာရုံပုံကြမ်းရေးခြစ်မှု (Psychological automatism)
စိတ်အလိုအလျောက်စီးဆင်းမှု (Psychic automatism)
တည်ချက်ဖြန့်ပြမှု (Flatting of the space)
ပန်းတိုင်ဖြန့်ပြမှု (Flatting of the climax)
တိတိကျကျမဆုံးဖြတ်နိုင်မှု (Undesirability)
အဆက်အစပ်ကင်းမဲ့ခြင်း (Fragmentation)
စံလွဲခြင်း (Foregrounding)
မော်ဒန်ခေတ်လွန် (Postmodern)
REFERENCE 2: တာရာမင်းဝေ (ပြိုင်မြင်းတို့၏ခွာသံ)

နတ်ဖွက်ထားတဲ့ Valentine


ကျနော့်မှာ ရည်းစားများစွာရှိခဲ့ပါသည်။ ‘သက်မွန်မြင့်’ နှင့်တူသောကောင်မလေး၊ ‘ရတနာပုံ’ နှင့်တူသော ကောင်မလေး၊ ‘နန္ဒာလှိုင်’ နှင့်တူသောကောင်မလေး စသည်ဖြင့် ဘောင်းဘီဆိုင်တစ်ဆိုင်အလား ရွယ်စုံ၊ ဆိုဒ်စုံ ရည်းစားများထားခဲ့ဖူးပါသည်။ ကျနော်နှင့် တော်တာတွေရှိသလို ကျနော်နှင့်မတော်တာတွေလည်းရှိ၏ (စကား ချပ် - ဘောင်းဘီနှင့်တင်စားပြောဆိုနေခြင်းဖြစ်ကြောင်းမမေ့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်)။ ထူးခြားချက် သို့ ၀ဋ်နာကံနာတစ်ခုမှာ ဘယ်သူနှင့်မှ ဘယ်တုန်းကမှ မတိုင်းခဲ့ရခြင်းဖြစ်ပါသည် (တိုင်း = ဗယ်လင်တိုင်း အတို ကောက်ဖြစ်ပါသည်)
ပထမဦးဆုံးကောင်မလေးနှင့်တုန်းကတော့ အတော်ကိုနီးစပ်ခဲ့ပါသေးသည်။ သူက ကျနော့်ကိုကြိုက်သ လို ကျနော်ကလည်းသူ့ကိုကြိုက်မှန်း အချင်းချင်းသိကြပါသည်။ သူငယ်ချင်းများကလည်း ကောင်းကောင်းလှော် ကြကုန်၏ (ကျနော်တို့နှစ်ယောက်ကို လှေဟုထင်သလားတော့မပြောတတ်ပါ)။ တိုက်တိုက်ဆိုင်ဆိုင် ထိုနှစ်က Valentines’ Day ကလည်း ကျူရှင်ရော၊ ကျောင်းရောပိတ်ရက်ဖြစ်ပါသည်။ ကောင်မလေးကိုလည်း ရည်းစားစ ကားပြောထားပြီးဖြစ်ပါသည်။ ကျနော့်အကြံကလည်း Valentines’ Day တွင် တခါတည်းအဖြေတောင်းပြီး တခါ တည်း ‘ဒန်တန့်တန်’ ကြရန်ဖြစ်၏ (ဒန်တန့်တန် = ပျော်ရွင်စွာဆင်နွဲခြင်း)
သို့သော် ၁၃ ရက်နေ့တွင် ကောင်မလေးမှာ ၀မ်းပျက်ဝမ်းလျှောဖြစ်ကာ ၁၄ ရက်နေ့တွင်မူ အားပြတ်ပြီး အိပ်ယာထဲမှ မထစတမ်းဖျားပါတော့သည်။ ကျနော့်မှာလည်း ဗယ်လင်တိုင်းရမည့်အစား အဖျားသာတိုင်းလိုက်ရ ပါ၏။ (ကျနော့်အဖြစ်က ‘မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့’ ဟူသောဆောင်ပုဒ်ကို အပြည့်အ၀လိုက်နာသည့်တိုင် မူးလည်းမမူးလိုက်ရ၊ မောင်းလည်းမမောင်းလိုက်ရသော ကားသမားလိုပင်ဖြစ်သည်)။ ထိုနှစ် Valentines’ Day ကို ကျနော်ကတော့ ‘၀မ်းပျက်ဝမ်းလျှော Valentine’ ဟု အမည်ပေးဖြစ်ခဲ့ပါသည်။
နောက်ထပ်တစ်ယောက် ထားမိသောအချိန်တွင်တော့ ကျနော်ကအတော်ပင် စာတတ်ပေတတ်ဖြစ်ခဲ့ လေပြီ။ Valentines’ Day နီးမှ ရည်းစားစကားပြောတာမျိုး၊ အဖြေတောင်းတာမျိုးတွေကို မပြုလုပ်တော့ပါ။ ခပ် စောစောကတည်းက ကိုယ့်ဘ၀ကိုယ်တွေးထားပါသည်။ ကြုံ၍ပြောရပါဦးမည်။ ထိုတစ်ခေါက် ထားမိသော ကောင်မလေးက ကျနော့်ထက်သုံးနှစ်လောက်ကြီးပါသည်။ ထိုအချိန်က ကျနော်တို့သူငယ်ချင်းတစ်သိုက်လုံးက လည်း “မမ”ရောဂါထနေကြသည့်အချိန်ဖြစ်ပါသည်။ ထိုမမကလည်း ရုပ်ရှင်မင်းသမီးလိုပင် တော်တော်ကိုချော လှသူဖြစ်၏။ အိမ်တွင်းမှုလည်း နိုင်နင်းသည် (ထမင်း၊ ဟင်းချက်ပြုတ်တတ်ခြင်းကို ဆိုလိုပြီး အိမ်ထဲတွင် တွေ့က ရာများ လျှောက်မနေသည်ဟု မထင်စေလိုပါ)။ ထို့ကြောင့် ကျနော့်အိမ်က သူနှင့်သဘောတူပါသည်။ သို့သော် သူ့ အိမ်ကတော့ သူနှင့်ကျနော့်ကို သဘောမတူပါ။ အဘယ်ကြောင့်ဆိုသော် ထိုမမနှင့်မကြိုက်ခင်က သူ၏တူမလေး နှင့် “တူနယ်တဲ့နယ်ဗြောင်” ခဲ့မိခြင်းကြောင့်ဖြစ်ပါသည်(တူနယ်တဲ့နယ်ဗြောင် - ချစ်ကြိုက်ခြင်း)။ ထားပါတော့။ လိုရင်းကိုသာဆက်ပါမည်။ ထိုနှစ်က မမနှင့် Valentine ရန် အကြီးအကျယ်ကြံစည်ခဲ့သော်လည်း ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် ရှမ်းပြည်သို့ကျနော် “ရောက်ရှိ” သွားပါတော့သည်။
ဖေဖော်ဝါရီ ရှစ်ရက်ကျော်၊ ကိုးရက်သို့ရောက်ချိန်တွင် ကျနော့်မှာအိမ်ပြန်ချင်၍ ရွစိရွစိဖြစ်နေပါတော့ သည်။ သို့သော် ဖေဖော်ဝါရီလကုန်သည်အထိ ရှမ်းပြည်မှပြန်၍မရလိုက်ပါ။ ရှမ်းပြည်တွင် အေးအေးစက်စက်နှင့် ပင် ဖက်လုံးကြီးကိုသာ တိုင်းလိုက်ရပါ၏။ ထိုနှစ် Valentine ကိုတော့ “အေးစက်ဖက်လုံး Valentine” ဟု အမည် ပေးဖြစ်ခဲ့သည်။
နောက်တစ်ယောက်အလှည့်တွင်လည်း ဒေါက်ကပ်ဖြုတ်ခံရသည့်ပမာပင် ဖြစ်ပါသည်။ ကျနော် နယ်တွင် ကျောင်းသွားတက်တုန်းကဖြစ်ပါသည်။ ကျနော့်ကောင်မလေးက နယ်ခံ (နယ်မှလူခံသာဖြစ်ကြောင်း ရှင်းရှင်းလင်း လင်းသိကြရန်လိုအပ်သလို ရိုးရိုးသားသားဖတ်ရန်လည်း လိုအပ်ပါသည်)။ ကျနော်နှင့်သူ ကြိုက်မိကြပါသည်။ မြို့ ကလေးကကျဉ်းတော့ ကျောင်းဆင်းသောအခါ ကျနော်ကသူမကို ဆိုင်ကယ်ပေါ်တင်၍ မြို့တစ်ပတ်ပတ်စီးသည်။ ပြီးလျှင် မြို့လယ်ရှိဘုရားတွင် အေးအေးလူလူသွားထိုင်ကြပြီးနောက် ညနေခြောက်နာရီကျော်လောက်ဆိုလျှင် ကျနော်က သူမကိုပြန်လိုက်ပို့ပါသည်။
ကံဆိုးခဲ့သည့်နေ့အကြောင်းကို ပြောပြပါတော့မည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ပင်ဖြစ်၏။ ထိုနေ့က ကျနော့် တွင် ဆိုင်ကယ်မပါပါ။ ထို့ကြောင့် ကျောင်းမှဆင်းသောအခါ မြို့ထဲသို့လမ်းလျှောက်ကြပါသည်။ ထုံးစံအတိုင်း ဘုရားတွင်ထိုင်ပြီးနောက် သူမကဗိုက်ဆာသည်ဆိုသဖြင့် ထမင်းပေါင်းဆိုင်ထိုင်ရင်း ၁၄ ရက်နေ့တွင် ‘ဗဗေဗေ့ဂျိ’ ကြရန် တိုင်ပင်နေပါသေးသည်။ အပြန်တွင် သူမအတွက်ဆိုက်ကားငှားပေးသောအခါတွင်မှ ကံဆိုးမိုးမှောင်ကျပါ တော့၏။ ကျနော်ခပ်တည်တည်ဖြင့် သွားငှားလာသောဆိုက်ကားမှာ သူမ၏ဦးလေးအရင်းခေါက်ခေါက်နင်းသော ဆိုက်ကားဖြစ်နေခဲ့ပါသည်။ ထုံးစံအတိုင်း ထိုနှစ် Valentine သည်လည်း ‘ပလို့ဂျိ’ သွားပါတော့သည်။ ထိုနှစ်က Valentine ကိုတော့ ကျနော်က ‘တစ်ခါခိုးတစ်ခါမိ Valentine’ ဟု ရင်နာနာနှင့် နာမည်ပေးထားခဲ့ပါသည်။
ဆိုတော့ကာ . . . ကျနော့်ဆိုလိုရင်းက ကျနော်သည် ရည်းစားများစွာရှိခဲ့သော်လည်း ဘယ်တုန်းကမျှ၊ ဘယ်သူနှင့်မျှ၊ ဘာမျှမတိုင်းခဲ့ရပါ။ ယခုလည်း 2009 Valentines’ Day ရောက်လာပြန်ပြီ။ ကျနော့်တွင် တိုင်းစရာ မဒီကညာလည်းမရှိပါ။ ထိုနေ့သည်လည်း ကျနော့်အတွက် ဘိန်းမုန့်တစ်ခုလောက်တောင် အရေးမပါသလို၊ ဘတ်စ်ကားခိုးစီးရသလိုလည်း သည်းထိတ်ရင်ဖိုမဖြစ်လိုက်ရပါ။ ကျနော့်သူငယ်ချင်းများကတော့ သူတို့၏ ဂေါ်ကလေးများ (ဂေါ် = ကောင်မလေး)၊ သူတို့၏ ဥပစ်ခါများ (ဥကို ပစ်၍ပစ်၍ခါသည်မှာ ဘဲဖြစ်ပါသည်) နှင့် ပျော်မြူး နေကြမည်ထင်ပါသည်။ ကျနော့်အတွက်တော့ Valentines’ Day သည် ထို Valentine ဟူသော လူကြီးအတွက် ပင်ဖြစ်ပါတော့သည်။

နတ်သမီးရဲ့ဖေဖော်ဝါရီ



ဘယ်လိုကြည်နူးမှုမျိုးတွေနဲ့ပါလဲ
ဖေဖော်ဝါရီဟာ လှချင်တိုင်းလှနေ
နတ်သမီးရဲ့အရိပ်ထဲ… ဒါမှမဟုတ်
ဖေဖော်ဝါရီထဲမှာတင် ကိုယ့်ကိုယ်ကို သိုဝှက်ပစ်လိုက်ချင်တဲ့အထိ
ဟုတ်ပါရဲ့… နတ်သမီးရဲ့ဖေဖော်ဝါရီဟာ ပြောရင်းဆိုရင်းနဲ့ကို လှတယ်။

ဟိုးမှာ ရှင်တော်ဗယ်လင်တိုင်း ဦးဆောင်ညွှန်ပြခဲ့ရာ
အပြာရောင်အမှတ် (၁၄) ကိုတွေ့ရ
လက်ဖ၀ါးချင်းထပ်ထားတဲ့ နားလည်မှုသန်းပေါင်းများစွာကိုတွေ့ရ
ခါတိုင်းထက်ပိုအသက်ဝင်သော ရင်ခုန်သံတွေကို ရင်နဲ့ဆတ်ဆတ်ကြားရ
ဖေဖော်ဝါရီရေ….
ငါနဲ့ ငါ့နတ်သမီးကို အဆုံးစွန်ပြုစားပါ။

တကယ်ဆို…. ငါတစ်ယောက်တည်း ရှုံးနိမ့်နေတာပါ
နတ်သမီးရဲ့လက်လက်ပျိုးပျိုး အပြုံးထဲဦးညွှတ်လိုက်
ဖေဖော်ဝါရီရဲ့အမိန့်တော်အောက် ဖိတ်စင်တိမ်းပါးရလိုက်နဲ့
ပြောခဲ့သလို ငါတစ်ယောက်တည်း အလှည့်ကျရှုံးနိမ့်…..
ဖေဖော်ဝါရီရေ…. နတ်သမီးရေ….
ငါ့ကို ကယ်တင်ချေချွတ်ပါ။

မျှော်လင့်ချက်တွေကို အစိပ်အကျဲညှိကြ
နှုတ်ဆက်စကားတွေကို ကမ္ဘာ့အပြင်လွှင့်ပစ်လိုက်ကြ
မြင်ချင်တဲ့မျက်နှာလေးတွေကို ခဲရာခဲဆစ်သိမ်းဆည်းကြ
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်ဖေဖော်ဝါရီဟာ ပျိုငယ်နုနယ်လာရဲ့။

ဝေးမသွားကြဘူး ဖေဖော်ဝါရီရေ……
ငါနဲ့ နတ်သမီးနဲ့ ခပ်ဖွဖွအနမ်းတွေနဲ့
ဘယ်လိုပဲဖြစ်ဖြစ် မဝေးခဲ့ကြဘူးကွဲ့။

ဖေဖော်ဝါရီ (၁၄)
ချစ်သူတို့အတွက် ဖေဖော်ဝါရီဆွတ်ပျံ့သော (၁၄)
ဒီမှာ… မာကျူရီအလင်းတွေ… မွှေးပွအရုပ်တွေ….
တစ်ယောက်ကိုတစ်ယောက်ပြုံးပြရင်း ပွင့်လာတဲ့ပန်းတွေ…
ဒီမှာ…ချောကလက်ရနံ့တွေ….
မျက်ဝန်းတွေ…. ကဗျာတွေ….
ဒီမှာ… အပြန်အလှန်ဂီတတွေ…..ကြည်ကြည်နူးနူးပစ္စုပ္ပန်တွေ…
အိုး…… ဘယ်လိုနေ့မျိုးပါလိမ့်ကွယ်
ငါ့နတ်သမီးရဲ့ဖေဖော်ဝါရီဟာ လှချင်တိုင်းလှနေတော့တယ်။

ခင်ဗျားတို့အတွေးက နောက်မီးလင်းနေတယ်




လူဟာ ကိုယ့်အင်ဂျင်သံနဲ့ကိုယ်ခုတ်မောင်း
မီးခိုးတွေအူပြလိုက်ရ
တဂျုန်းဂျုန်းအော်မြည်ပြရနဲ့
ပင်ပင်ပန်းပန်းနိုးထ
အဲဒီကြားထဲကမှ
ခင်ဗျားတို့အတွေးက နောက်မီးလင်းနေတယ်
နွားပယောဂမပါတော့သော နွားနို့၊
ပြန်မအမ်းဖြစ်လိုက်သော အကြွေ၊
အသက်ရှူရန်ကြောက်သော အနုပညာ၊
တစ်လမ်းသွားဒဿနများ၊ ပင်လယ်ဓါးပြလို ကြော်ငြာ၊
. . . . . . . . ၊ နွားပယောဂမပါတော့သော နွားနို့၊
ပြန်မအမ်းဖြစ်လိုက်သော . . . . . ၊ . . . . . . . .
. . . . . . . . .၊ . . . . . . . ၊ နွားပယောဂမပါသော . . . .
. . . . . . . ၊ . . . . . ကြော်ငြာ . . . . . .၊
‘လူကိစ္စ’ တွေထဲမှာမှ
အထက်ပါ မီးခိုးမဆုံးမိုးမဆုံးများ
ဟိုးဝေးဝေးကတည်းကမြင်ရ
ခင်ဗျားတို့အတွေးက နောက်မီးလင်းနေတယ်။ ။

နွေယောင်ဆောင်ထားတဲ့ကောင်



(၁)
ခြောက်အက်ကြွေကွဲသွားအောင် နွေရာသီယောင်ဆောင်ပစ်မိတယ်
မရပါဘူးကွယ် . . . ကိုယ့်အတွေးတွေက မင့်ဆီကိုပဲ လွင့် လွင့်ကျ . . . . .။ ။
(၂)
အိပ်မက်အမှတ်ဘယ်လောက်နဲ့ ဒီလမ်းကိုလျှောက်မိပါသလဲ။
မင်းကို ဟိုးအဝေးကြီးကလှမ်းကြည့်နေရသလို . . . မြင်တယ်။ စိတ်ကို အကျဉ်းချပစ်လိုက်လို့ရမယ့်အခန်းမျိုး
ကိုယ့်ကိုပေးကြပါ။
နတ်ဆိုးတို့ရဲ့ဗုံသံကိုကြားလိုက်ရ . . . . . ကိုယ့်ကိုယ်ကို သေနတ်နဲ့ချိန်ထားရ . . . . .
ဒီလိုနဲ့ပဲ မိုးကြီးစုန်းစုန်းချုပ်ပြန်တယ်။ ။
(၃)
ကောင်မလေးရေ . . . ကိုယ် အသက်ကယ်လှေတစ်စင်းဖြစ်လိုက်ချင်ပါတယ်။
မင်းကို ကယ်တင်ဆယ်ယူထားဖို့ . . . . မင်းကို တင်ဆောင်သွားဖို့အတွက် ကိုယ် ပင်လယ်ထဲမှာပဲ မျောနေချင်ပါ တယ်။ ကျိန်စာလိုပြင်းထန်တဲ့မုန်တိုင်းတွေ . . . စူးဆိုးရွားရွားလှိုင်းကြမ်းအော်သံတွေ . . . . ဘာကိုမှလည်း ကိုယ် မကြောက်ပါဘူးကွယ်။ ။
(၄)
ဖြစ်နိုင်မယ်ဆိုရင် . . .
ကိုယ့်ကို ရေခြားမြေခြားမျက်လုံးတွေနဲ့ကြည့်ပါ။
ဆောင်းရဲ့အငွေ့အသက်ကိုချစ်တယ်၊ ဆောင်းရဲ့ပျိုပျိုစင်စင်မနက်ခင်းတွေကိုချစ်တယ်၊ နှင်းတွေကိုချစ် တယ်။
ကောင်မလေးရေ . . . .
‘ဆောင်း’ ဖြစ်ချင်လွန်းလို့ ‘နွေ’ ယောင်ဆောင်ပစ်လိုက်တဲ့ကောင်ကို . . . ပက်ကြားအက်သွားလောက် တဲ့အထိ ကြည့်ပစ်လိုက်ပါ။
ဝေး ဝေး ခြား ခြား . . . . . . . . . ထားခဲ့ပါကွယ်။ ။

နွမ်းနွမ်းအိုအိုလမ်းမများ




နည်းနည်းလေးပါပဲ
‘ယပင့်’ နဲ့ ‘ယရစ်’ လွဲသွားတာ
လမ်းမတွေက
‘ပျို’ မလာဘဲ ‘ပြို’ ခဲ့တယ်။
ဘ၀ရေ . . .
မင်းနဲ့ငါ ဘယ်သူကစ စိန်ခေါ်သူလဲ
မခံချင်စိတ်က လက်ခမောင်းထခတ်တယ်
အချစ်တွေ၊ နာကြည်းချက်တွေ၊ စိတ်ကျရောဂါတွေ
ငါ့လမ်းမထက် လွင့် ကျဲ ဖွာ သီ . . . .
ဒီလို မနေချင်ပါဘူးကွယ်
ဘ၀ကို ပလပ်စတစ်ဆာဂျရီသာလုပ်ပစ်လိုက်ချင်တယ်
မျက်နှာအဟောင်းနဲ့ . . . . ပြုံးနေရတာကိုက ခက်ရဲ့
အလုပ်သွားအလုပ်ပြန်ချိန်မရှိဘူး
ကဗျာမရေးတော့ဘူး
ဝတ္ထုမဖတ်တော့ဘူး
အမှောင်ပိတ်ပိတ် စိတ်ကူးတွေရွက်
ငါ့ကော်ဖီခွက်လို ငါခါးသက်တယ်
နွမ်းအိုနေသော . . . . အရပ်လေးမျက်နှာတွေ . . . .

ရီဝေေ၀ကဗျာ

ရီဝေေ၀ကဗျာ

စိတ်ထဲမှာ ကာလာဘလိုင်း
ကဗျာက ရေခဲခွက်ထဲက ထွက်ကျလာတယ်
ရီဝေေ၀အတွေးက မှုန်မှုန်မှိုင်း
ဟား . . . ငါရိုင်းချင်ရိုင်းနေလိမ့်မယ်
အခုအချိန်မှာ
ကမ္ဘာ့အရေးကိစ္စတွေမသိ
လူမှုရေးမသိ၊ ပရီးမီးယားလိဂ်မသိ
ရပ်ကွက်ထဲကကောင်မလေးကိုမသိ
စံတော်ချိန်ညရှစ်နာရီမှာ ငါဟာ . . .
ရီဝေေ၀လူတစ်ယောက်သာ ဖြစ်ရဲ့
ကောင်မလေးရေ . . . အမေရေ . . .
ကျနော့်စာကြောင်းတွေလွတ် လွတ်သွားတယ်
မြင်နေသမျှ ကြယ်ရောင်လရောင်က ငါ့ခေါင်းပေါ်ညွတ်ကျ
ဘာကဗျာတစ်ပုဒ်မှ ရွတ်မရဘူး
ဟောဒီမှာ . . . ရီဝေေ၀တွေ လွင့်နေသော ရီဝေေ၀ကဗျာ။

သူရဿဝါ


နွေနှောင်း





တစ်နေ့တခြား ဝေးဝေးသွားတာကိုကြည့်ရင်း
ငါ့နှုတ်ဖျားတွေ ဆွံ့ အ . . . .
ကောင်မလေးရယ် . . . . .
ကောင်မလေးရယ် . . . .
ငါ့နှုတ်ခမ်းဖျားတွေဆွံ့အသွားတယ်
တစ်နေ့တခြား ဝေး…ဝေး သွားတာလေးကို ကြည့်ရင်း . . .. . .

လမ်းဘေးဘာသာစကားကဗျာ

ကျွန်တော်တို့ဆီမှာတော့
သွားကြားထိုးတံကို ရှာဖွေရေးလို့ခေါ်ပါတယ်
ပိုက်ဆံမရှိတာကို ရေမလန်းဘူးလို့သုံးပါတယ်
ပြဿနာတက်နေရင် တိုင်ပတ်တယ်လို့ပြောပါတယ်
ပြဿနာရှာတဲ့လူကို အထုပ်လို့ခေါ်ပါတယ်
ကလေကချေကို စရိုက်လို့သုံးပြီး
အောက်စက်ကို ပစ္စည်းလို့သုံးပါတယ်
ကောင်မလေးချောချောမြင်ရင်
ဇယားလေးက မှည့်တယ်လို့ပြောပြီး
ကိုယ့်အိမ်ကိုယ်ပြန်အိပ်တဲ့အခါ
ကိုယ့်ဘိကိုယ်ပြန်ကျိုးတယ်လို့ သုံးစွဲပါတယ်
သူငယ်ချင်းကို သားကြီးလို့သုံးနှုန်းတတ်ပါတယ်
ကျွန်တော်တို့ဆီမှာတော့ ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ ခုနစ်နှစ်အချိန်ယူရပါတယ်
ဝီစကီကောင်းကောင်းတစ်လုံးရဖို့ အနှစ်နှစ်ဆယ်
ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်
အချိန်ယူရပါတယ် အချိန်ပေးရပါတယ်
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုကြည့်ဖို့
အိပ်ရေး၀၀ အိပ်ထားဖို့လိုအပ်လို့

FACEBOOK FAN PAGE