Subscribe Twitter FaceBook
Friday, September 25, 2009
ကဗျာဆရာအတု
အခုတလော ကျနော်ကဗျာရေးလို့မရဘူးဖြစ်နေပါတယ်။ ရေးဖို့ကြိုးစားလိုက် ရေးလို့မရလိုက်နဲ့ စိတ်ပျက်မိတယ်။ အဲ့ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုလည်း အောက်ပါကဗျာအတိုင်းပဲ ခံစားလာမိပါတယ်။ အဲဒါကြောင့် ဒီကဗျာကိုပဲ ရေးမိ လိုက်ပါတယ်။ ဖတ်ကြည့်ပေးကြပါဦး။
ကဗျာဆရာအတု
ဒီတစ်ခါမှ
ကြယ်ခိုးကြယ်ငွေ့တွေဆီ လက်လှမ်းမမီဘူးဆိုရင်
ငါဟာ ……. တကယ်ပဲ
အိပ်မက်ထဲလမ်းလျှောက်ထွက်ခဲ့သူဖြစ်သွားမယ်
မျောရင်းလွင့်ရင်းနဲ့ကို မျောလွင့်နေသောဘဝ
တစ်လှမ်း … နှစ်လှမ်း …. သုံးလှမ်းမှာရပ်သွားတယ်
တစ်လှမ်း … နှစ်လှမ်း …. သုံးလှမ်း ….
ရပ်သွားပြန်တယ်
ကဗျာမြတ် ကဗျာကောင်း ကဗျာဆရာအပေါင်းတို့
ကျွန်တော်မျိုးရဲ့ မိုက်မဲမှုကိုဗွေမယူပါနဲ့
ကျွန်တော့်ခေါင်းမှာ ……….. မရှိတဲ့အတွက် …….
စာရေးစားပွဲက သူ့ကိုယ်သူဖုန်သုတ်နေရချိန်မှာ
ငါက မြို့တကာလမ်းတကာ
ပြောခဲ့သလို မျောရင်းလွင့်ရင်း မျောလွင့်
အလင်းမီးအိမ်အောက်မှာလည်းမှောင်မဲ
တစ်ကိုယ်ရည်တစ်ကာယဓါတ်တိုင်ဆိုတော့ မှောင်မဲ
ဒါ ……. တကယ့်ပြဿနာတစ်ရပ်ပါပဲ
တောကြီးမျက်မည်းစွန့်စားခန်းမှာ လက်နက်တစုံတရာမရှိသူ
ဘာနဲ့များတူနေသလဲ
ငါဆိုတဲ့မျက်ကန်းကတော့
တစ္ဆေထက် “အလင်း” ကိုပိုကြောက်မိနေ …… ။                        ။
Thursday, September 17, 2009
ညတစ်ညမှာ ညဖြစ်နေသူ
ညတစ်ညမှာ ညဖြစ်နေသူ
တစ်နာရီတိတိဖြစ်တယ်
            တစ်နာရီတိတိဖြစ်တယ်
တစ်ချို့ကိုသံချေးခေါက်ပြီး ဆေးအသစ်ပြန်သုတ်တယ်
            သံချေးခေါက်တယ်၊ ဆေးအသစ်ပြန်သုတ်တယ်
ရောက်နေပြီထင်တယ်
            ညရောက်နေတာထင်ပါတယ်
မှာယူစားသောက်ထားမိ၊ စိတ်တိုင်းကျစိတ်အာဟာရများ
            စားလိုက်သောက်လိုက်ဖြင့် အာဟာရပြည့်ဝ
သန်းခေါင်ဖြစ်မလားမသိဘူး
            သန်းခေါင်များဖြစ်နေပြီလား ……
ဖြစ်ချင်ရာဖြစ်စေ ဟုသဘောမထားပါ
            ဖြစ်ချင်ရာဖြစ်အောင်မရည်ရွယ်မိပါ
နေသားတကျတော့မရှိတော့သလိုပဲ … အရင်ကလို
            အရင်လို နေသားတကျမဟုတ်
ူ …… သိမှာမဟုတ်ဘူး
            သူသိမယ်မထင်ဘူး
Wednesday, September 16, 2009
Infinity ဆီကဆုံမှတ်
ကိုဂစ်တာ က “Infinity ဆီကဆုံမှတ်” ဟူသောပိုစ့်တစ်ပုဒ်ရေးရန် Tag ပါသည်။ သူရေးထားတာကို သွားဖတ်ကြည့်တော့ သူကိုယ်တိုင်တောင် ဘာရေးစေချင်မှန်းမသိ၍ ရေးချင်တာရေးထားတာဖြစ်သည်။ ကျနော် ခေါင်းရှုပ်သွားပြီး ဘာရေးရင်ကောင်းမလဲဟုစဉ်းစားကြည့်မိသည်။ နောက်မှ ရသစာတမ်းငယ် (Essay) ရေးရင် ကောင်းမည်ဟုတွေးကာ ရေးလိုက်ပါသည်။ ကိုဂစ်တာ ကျေနပ်နိုင်လောက်မည်ဟုလည်း ထင်ပါသည်။
Infinity ဆီကဆုံမှတ်
(၁)
ထိုသို့ဖြင့် “ဝေးကွာခြင်း” ရောက်ရှိလာသည်။ “ဆုံမှတ်” လိုက်ရှာနေရသည်ဆိုကတည်းက ဝေးနေကြ တာသေချာသည်။ အဝေးမှာ မိုးတိမ်များပြေးလွှားနေကြ ....... အဝေးမှာ လေတိုက်ခတ်နေ ...... အဝေးမှာ ....... သံသရာလည်နေ ....... အဝေးမှာ မိုးစုန်းစုန်းချုပ်နေ ..... အဝေးမှာ .... အဝေးမှာ ..... အဝေးမှာ ....... ဝေး ...... နေ ....... ကြ ........ ပါ ...... သည်။
(၂)
ဆုံမှတ်” ကဘယ်မှာလဲ။ ကိုယ် .... လိုက်ရှာသည်။ ကိုယ်မတွေ့ပါ။ မရှိတာလား ၊ဒါမှမဟုတ် မရှိဟုပင် ထင်မြင်ရလောက်သည့်အကွာအဝေးမှာလား။ ထိုသို့ မေးနေခြင်း ဆုံမှတ်ဖြစ်လာနိုင်သလား။ မေးခွန်း၏အဖြေက ဆုံမှတ်ဖြစ်သလား။ ကိုယ် ..... မသိပြန်ပါ။ မသိခြင်းကရော ..... ဆုံမှတ်လား .....။ စဉ်းစားရတာပင် ကိုယ့်ကိုယ် ကို အားနာဖို့ကောင်းနေပြန်၏။
ဆုံမှတ်ကိုလိုက်ရှာရန် လမ်းလျှောက်ထွက်ခဲ့သည်။ လမ်းမှာ ချိုင်းထောက်ထောက်၍လမ်းလျှောက်လာ သော A ကိုတွေ့သည်။ သူများသိမလားဟု “ဆုံမှတ်” အကြောင်းမေးကြည့်မိသည်။ “ဆုံမှတ်က နှစ်ခုရှိတယ်ဗျ ၊ ချိုင်းထောက်က ချိုင်း(ဂျိုင်း)နဲ့ထိနေတာ ဆုံမှတ်တစ်ခု ၊ ချိုင်းထောက်ကိုထိန်းကိုင်တဲ့လက်က ချိုင်းထောက်နဲ့ လာထိတွေ့တယ် ၊ ဒါက ဆုံမှတ်တစ်ခု” ဟုပြော၏။ သူ၏ဆုံမှတ်ကို “ဝေဝေဝါးဝါးဆုံမှတ်” ဟု ကိုယ်အမည်ပေး လိုက်သည်။ ကိုယ့်ဆုံမှတ်ကိုမတွေ့သေးပါ။ ဆက်လျှောက်လာခဲ့၏။
လျှောက်ရင်းကပင် လမ်းမှာ ပါးစပ်ကြီးဖြဲပြီးလျှောက်လာသော C နှင့် တွေ့ပြန်သည်။ “ဆုံမှတ်ဘယ်မှာ လဲ” ။ မေးကြည့်မိတော့ “လေနှင့်သူ၏အာခေါင်ထိတွေ့ရာဖြစ်သော ပါးစပ်ဟပြဲသည်ပင် ဆုံမှတ်ဖြစ်ကြောင်း” ပြော၏။ “သွားဖြဲနားဖြဲဆုံမှတ်” ဟုအမည်ပေးခဲ့သည်။ ကိုယ့်ဆုံမှတ်ဘယ်မှာလဲ ....... မတွေ့ရသေးပါ။
ထိုသို့ဖြင့်ပင် ပါးစပ်ဟကာ ကိုယ့်အာခေါင်ကိုယ် တုတ်ထောက်၍လျှောက်လာသော D အား “တနံတ လျားဆုံမှတ်” ၊ တစ်ကိုယ်လုံးတွန့်လိမ်ကောက်ကွေး၍လျှောက်လာသော S အား “ကျောသားရင်သားဆုံမှတ်” ဟု အမည်အမျိုးမျိုးပေးခဲ့ရသည်။ ကိုယ့်ကံလှိုင်းကတော့ ရိုင်းပြီလားမသိ။ အခုထိ ဆုံမှတ်မတွေ့သေး။
(၃)
လေများ ဟူးဟူးဟဲဟဲမြည်ကာ တိုက်ခတ်လာ၏။ မြေပြင်မှသစ်ရွက်များ တိုးထွက်ပျံသန်းပြီး သစ်ပင်ပေါ် မှသစ်ရွက်များက ခုန်ဆင်းချကြသည်။ ကိုယ့်အာရုံငါးပါးကို ပိတ်ထားလိုက်သောကြောင့် မုန်တိုင်းတိုက်ခတ်သွား သလား၊ သာမာန်လေပြင်းထန်ရုံလားမသိလိုက်ပါ။ မျက်လုံးပြန်ဖွင့်ကြည့်သောအခါမှာပင် ထူးဆန်းမှုကိုစတင် ကြုံတွေ့လိုက်ရခြင်းဖြစ်လေသည်။
တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခု ကိုယ့်ဆီလျှောက်လာသည်။ သူ့ပုံသဏ္ဍာန်ကို အတိအကျ မပြောတတ်ပါ။ သေချာတာကတော့ သူ့ကိုကြည့်ရသည်မှာ “ဝေးကွာခြင်း” ကို အကောင်အထည်ဖြင့်မြင်လိုက်ရ သလိုရှိ၏။ သူ့ကိုကြည့်ရင်း ငယ်ငယ်ကပျောက်ရှဖူးသော လေယျာဉ်ပျံရုပ်ကလေးကိုသတိရသည်။ ဆုံးပါးသွားပြီ ဖြစ်သော ချစ်ရသည့်ဦးလေးကိုသတိရသည်။ ကိုယ့်ကိုရော ၊ ကိုယ့်လက်ဆောင်စက္ကူငှက်ရုပ်လေးတွေကိုပါ ထား ခဲ့သည့် စိမ်းကားသူတစ်ယောက်ကို သတိရသည်။ သူ့မျက်နှာက အမျိုးမျိုးပြောင်းလဲနေသလိုထင်ရ၏။ သူ့ကိုယ် သူ မိတ်ဆက်လာသည်။ “ငါ့နာမည်က အတိုင်းအဆမရှိခန့်မှန်းမရသောဝေးကွာသည့်လောက၏တစ်နေရာ တဲ့ကွ”။ သူ့နာမည်ကို ကိုယ်နားမလည်ပါ။ ကြားလည်းမကြားဖူးပါ။ သူကဆက်ပြောသည်။
မင်းရဲ့ ဆုံမှတ်ကိုမင်း လိုက်ရှာနေတာမဟုတ်လား
(၄)
ကိုယ်ငြိမ်သက်ဆွံ့အသွား၏။ သူ့စကားအဆုံးမှာ အရာရာရပ်တန့်သွားသလိုထင်ရသည်။ ဆည်းလည်း သံများ ပျံ့ဝန်းလာသလား ၊ ညိုရီမှောင်မိုက်သွားသလား။ သူ့အမေးကိုပြန်မဖြေဖြစ်ဘဲ ကိုယ်ငြိမ်သက်နေမိသည်။ သူလည်း ငြိမ်သက်နေသည်။ ခဏကြာမှ .................... ကိုယ့်ကို နှုတ်ဆက်သလိုကြည့်ရင်း သူစတင်ထွက်ခွာ လေသည်။ သူမထွက်ခွာမီ ..... စကားတစ်ခွန်း လွင့်ကျလာ၏။
ဆုံမှတ်က Infinity လို့ခေါ်တဲ့နေရာမှာ ရှိတယ်
ကိုယ်ပြောလိုက်တာလား။ ဒီစကားကို ကိုယ်ပြောလိုက်မိတာလား .... ဒါမှမဟုတ် သူပြောလိုက်တာလား ဆိုတာပင်မသိလောက်အောင် မှိုင်းပျသွားပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်လမ်းဆက်လျှောက်ရလိမ့်ဦးမည်။ ကိုယ် ဆက် လက်၍ ခရီးထွက်ခွာရပါဦးမည်။ သူကတော့ ကိုယ်နှင့်ဝေး၍ ဝေး၍သွားပြီဖြစ်သည်။
(၅)
ဆုံမှတ်” ကိုလိုက်ရှာခဲ့သည်။ “ဆုံမှတ်” က “Infinity” မှာဟု သိလိုက်ရသည်။ တကယ်ဟုတ်လား မဟုတ်လား ....... ကိုယ်မသိနိုင်ပါ။ သို့သော် “ဆုံမှတ်” ကိုတွေ့နိုင်ရန် “Infinity” ဆီရောက်အောင်တော့ သွားရ လိမ့်မည်။ “Infinity” ကဘယ်မှာလဲ။ “Infinity” ကိုအရင်ရှာဖွေရလိမ့်ဦးမည်။ တစ်နေ့နေ့မှာတော့ ............ ရောက်ပါလိမ့်မည်။ “ဆုံမှတ်” ကိုလည်း ရှာဖွေတွေ့ရှိလိမ့်မည်ထင်ပါသည် ..............................................
..............................................................................................................................................
..............................................................................................................................................
…….................................
(၆)
ထိုသို့ဖြင့် “ဝေးကွာခြင်း” ကပင် အရင်ရောက်ရှိလာပါတော့သည်။
ကျနော်ရေးပြီးပြီဖြစ်သောကြောင့် ကျနော်ပြန်၍ Tag ပါမည်။ အောက်ပါသူငယ်ချင်းများအနေဖြင့် ပြန်လည် ရေးပေးစေလိုပါသည်။
Saturday, September 12, 2009
ရှိသည် ၊ ညီစိမ်း ...... ဖြစ်သည်
ရှိသည် ၊ ညီစိမ်း ...... ဖြစ်သည်
(၁)
အခုတလော အသံအချို့ကြားရသည်
၂၁ ရာစု ၊ ၂၁ နှစ်ပြည့် ၊ ၁၃ ရက်နေ့
ကျနော့်ပတ်ဝန်းကျင်မှာပင်ဖြစ်သည် ။
ကျနော်ကြားမိသည် ၊ တစ် .... နှစ် .... သုံး ....
၁ ၊ ၂ ၊ ၃ ..... ဒါတွေက စိုးမိုးဂဏန်းများဖြစ်သလား
ဂဏန်းများကို စိုးမိုးအပ်သော လူတစ်ဦး နှင့်သက်ဆိုင်သလား
ဘာပဲဖြစ်ဖြစ် ၂၁ ၊ ၂၁ ၊ ၁၃ ၊ ၁ ၊ ၂ ၊ ၃ .........
အခုတလော ကြားမိသည် ။
(၂)
လူတစ်ဦး ရှိသည် ၊ ရင်ခုန်သံရှိသည်
မိမိကိုယ်ကို ခဏတဖြုတ် ပျောက်ဆုံးပစ်လိုက်ခြင်းများရှိသည် ။
ကဗျာအချို့ရှိသည် ၊ အနီရောင်ဖဲချပ်များအား မှတ်မှတ်ရရရှိသည် ၊
ညီညီညာညာ ကျနော်တို့ တစ် ၊ ကိုး ၊ ကင်း ဖြစ်ဖူးကြသည် ၊
တပ်ဆင်ခြင်းအနုပညာကို တပ်ဆင်လိုက်သည်
ခရမ်းရောင်ရှိသည် ၊ အစိမ်းရောင်ရှိသည် ။
ထို့အတူ လူသားတစ်ဦးလည်းရှိသည်
ထို့အတူ ...... သူ ခဏတဖြုတ် ပြသ\သိမ်းဆည်း\တပ်ဆင်ထားသော
ကဗျာအချို့ လည်းရှိသည် ၊ ထို့အပြင် နောက်ထပ်ကဗျာအချို့ကိုလည်း
ပြင်ဆင်၍ (ခဏတဖြုတ်) သိမ်းဆည်းထားကြသည် ။
(၃)
ကဗျာအချို့   ရှိသည် ။
ခေတ်ပေါ်ကဗျာ ၊ ဘာသာစကားကဗျာ ၊ ကဗျာ ..... ကဗျာ ၊
သူနှင့် တိုက်ရိုက်သက်ဆိုင်သည် ။
လူတစ်ဦးဆီမှ လူတစ်ဦးဆီသို့ ပေးပို့ရန် အောက်ပါအတိုင်း
တပ်ဆင်ပြသသည် ။
ဘာပဲဖြစ်ဖြစ် သူ အရေးကြီးသည် ၊ သူ့အတွက် အရေးကြီးသည်
သူဖတ်လိမ့်မည် ၊ ဘာသာစကား ၊ ခေတ်ပေါ် ၊ ခေတ်လွန် ၊ ခေတ်ဟောင်း
သူဖတ်လိမ့်မည် ၊ သူပြုံးလိမ့်မည် ၊ သူရယ်လိမ့်မည် ၊ သူရေလိမ့်မည်
၂၁ ၊ ၂၁ ၊ ၁၃ ၊ ၁ ...... ၂ ....... ၃
(၄)
သူပြုံးလိမ့်မည် ၊ သူအမြဲပြုံးနေခဲ့ဖူးသည် ။
သူတပ်ဆင်ဖူးသောကဗျာများလို
သူတပ်ဆင်ထားသောအရာများရှိသည် ။ စမ်းချောင်း ၊ အစိမ်းရောင် ၊ ခရမ်းရောင် ၊
ညလင်းအားကြီး ၊ မနက်အချိန်မတော် ၊ ကဗျာများ ၊ ကဗျာဆရာများ ၊
ခေတ္တတောင်ဥက္ကလာ ၊ ခေတ္တစမ်းချောင်းနေအိမ် ၊
သူတပ်ဆင်သည် ၊ သိုးမဲ ........ မှ ....... ညီစိမ်း
ပြောင်းလဲ၍ မပြောင်းမလဲတပ်ဆင်သည် ။
(၅)
ညီစိမ်း    ရှိသည် လူတစ်ဦး ရှိသည် ၊
ကဗျာအချို့ ရှိသည် ၊ သူပြုံးလိမ့်မည်
၂၁၂၁၁၃၁၂၃ ......... ဂဏန်းများရှိသည်ဟု
သူရယ်\ရေ လိမ့်မည်
ဟုတ်ကဲ့ ....... ညီစိမ်းဖြစ်ပါသည် ။
Friday, September 11, 2009
ညီမလေး
“ညီမလေး”
   ကျနော့် ရဲ့ ညီမလေး
   ကျနော်တို့ရဲ့ ညီမလေး
   ဖွေးဖွေးလွလွ  ရယ်နေ .......
   ပန်းကလေးတစ်ပွင့်ပါပဲ
   ပကတိ မွှေးပျံ့ဖြူစင်စွာ
   အသက်သေးသေးသွယ်သွယ်နဲ့  ကလေးငယ်လို .....
   ညီမလေးဖြစ်တယ်
  လူငယ်ခေတ်ပြိုင် မိုးတိမ်စိုင်တွေကြားထဲ
  ကျနော့် စကားဝဲ၀ဲ ညီမလေးက
  ရှေ့နေဖြစ်ချင်ပြန်တယ်
  ဆက်လျှောက်ပါ ညီမလေးရေ …….
  `မျှော်လင့်ချက်’ ဆိုတာ သံမဏိကိုတောင်ခြေဖျက်
  မမြင်ရတဲ့ လက်နက်တစ်ခုပဲကွဲ့
  “ အကိုတို့ရေ .....အကိုတို့ရေ”
  ညီမလေးက ခေါ်လိုက်တိုင်း
  ကျနော့်တို့စိတ်တွေ အုံ့ဆိုင်းရပါတယ်
  အဝေးကြီးက အော်  အော်နေရတာ
  ......... မောမှာစိုးလို့ ..............
  ကျနော်က ကဗျာ ရေးပေးမယ်ပြောတော့
  ညီမလေးက ...... ပျော်တယ် ရယ်တယ်
  မရေးဖြစ်ပဲ မေ့ပျောက်နေတဲ့အခါ
  ခေါင်းခါလည်ခါ စိတ်ကောက်တယ်
  ငှက်ဆိုးမလေး တစ်ကောင်လို အသံဆိုးဆိုး
  အကိုတွေကို   စကားနာထိုးတယ်
  ကျနော့် ညီမလေးက တကယ်ကို
  ပန်းကလေးတစ်ပွင့်ပါ
  တကယ့်ကို လုံးလုံးကစ်ကစ် ပန်းကလေးပါ
  သူ့ကိုသနားတယ်လို့ ပြောရင်မကြိုက် တဲ့
  မာနတစ်ခွဲသား ပန်းလုံးလုံးလေးတစ်ပွင့်ပါ
  “ညီမလေးရေ ...... နင့်ကိုငါ .......
  မသနားလိုက်တာဟယ်” အဲ့ဒီလို
  ကျနော် ခပ်ရွဲ့ရွဲ့ပြောတော့
  ရယ်မော နေမယ့် ပန်းလုံးလုံး လေးတစ်ပွင့် ဖြစ်လာမလား
  ဘာပဲဖြစ်ဖြစ် ..... သူက
  အဲ့ဒီမော်လမြိုင် သူလေးက ...... ပန်းပွင့်လုံးလေးက
  ကျနော့်ရဲ့ ညီမလေး
  ကျနော်တို့ရဲ့ ညီမလေး
  အမြဲ ..... ဖွေးဖွေးလွလွ
  မွှေးမွှေးမြမြ  .... ရယ် ....... နေ      ။           ။
 (ကဗျာရေးပေးဖို့ ပူဆာထားတဲ့ ညီမလေးတစ်ယောက်အတွက်ပါ )  :D
Monday, September 07, 2009
ကြည့်နေရင်း ........ ဝေးသွား
“ကြည့်နေရင်း ..... ဝေးသွား”
- ကြည့်နေရင်းက ဝေးသွားသလိုပဲ
- ကောင်းကင်ဟာ မှိတ်တုပ်မှိတ်တုပ်ဖြစ်နေ
- ရေဘူးရော ဖိနပ်ရော ပါ, ပါတယ်
- ဒါပေမယ့် ....... နွေရာသီ ရောက်မလာဘူး၊ မသိလိုက်ရဘူး
- အနားကို “တိတ်တိတ်လေး တိုး” သွားမိတာဆိုတော့
- ငါ့ကို “တိုးတိတ်” ပစ်လိုက်တယ်
- ငါ “တိုးတိတ်” ခံလိုက်ရတယ်
- “သူမ” လေ ...... ကြည့်နေရင်းက ဝေး ........ သွား
- လောကဓံတရား ရှစ်ပါးတောင်ရှိတာပဲ
- တစ်ခုမဟုတ်တစ်ခုနဲ့ တစ်နေရာမဟုတ် တစ်နေရာမှာတော့
- ဝင်ရောက်တိုးတိုက်ရလိမ့်မယ် ၊ ဒါ ...... လောကဓံပါပဲ
- ငါးစာကိုလည်းမြင်တယ် ၊ ငါးမျှားချိတ်ကိုလည်းမြင်တယ်
- ငါကိုယ်တိုင်က “ငါး” ဖြစ်နေတော့လည်း စိမ်းကားလို့မရဘူး
- ငါးမျှားချိတ်မပါဘဲ ငါးစာချည်းလည်း မလာဘူး
- အသက်ကြိုးပြတ် ...... သိသိနဲ့ ထိုးဟပ်လိုက်ရုံ
- ကြည့်နေရင်းက ဝေးသွားသလိုပဲ
- တစ်နေ့တစ်လံပဲ ရွေ့ပါတယ် ၊ ပုဂံကိုလည်း ရောက်ပါတယ်
- ဒါပေမယ့် ရောက်ချင်တဲ့အချိန်ကာလ မဟုတ်တော့ဘူး
- ငါ့စိတ်ဆန္ဒက အိုမင်းပဲ့ကြွေသွားခဲ့ပြီ
- ကြည့်နေရင်းနဲ့ ဝေး ..... ဝေး သွားသလိုပဲ
- “မပြောဖြစ်ခဲ့တဲ့စကားဆိုတာ ပြောချိန်မတန်သေးတဲ့စကားပါ” တဲ့
- ငါနဲ့ ငါ့ကောင်းကင်ကလေး တိမ်တိုက်တစ်ခုစာ ဝေးတယ်
- ပြောချိန်မတန်ခဲ့ဘူး .... အချိန်မတန်ခဲ့ဘူး ..... အချိန်မတန်ခဲ့ဘူး
- အချိန်လွန်သွားတယ်
- ဝေးသွား ဝေးသွား ကြည့်နေရင်းက ဝေးသွား
- တကယ်တော့ နင်လည်းငါ့အနားတိုးကပ်လာတာ
- ငါလည်း နင့်အနား တိုးလာခဲ့တာ
- “ဝေးကွာခြင်း” ကလည်း အကြည့်တစ်ခုစာ ..... ကြာသွားတာ
- ကံမကုန်ဘူး ၊ ပြန်လည်းမဆုံခဲ့ဘူး ကောင်မလေးရယ်
- ကြည့်နေရင်းက ဝေးသွားသလိုပဲ
- ကြည့်ရင်း ကြည့်ရင်း ဝေးသွား ၊ ဝေးကွာခြင်းဆီ နီးစပ်သွား
- နင်ရယ် ... နင့်ဘေးမှာ “ဝေးကွာခြင်း” ရယ် ၊ “ဝေးကွာခြင်း” ဘေးမှာ ငါရယ်
- လက်ချင်းချိတ်ထားကြတာ .........
- အဲဒီလိုနဲ့ ... လက်ချင်းချိတ်ထားရင်း ဝေးသွား
- ကြည့်ရင်း ကြည့်ရင်းက ဝေး    ကွာ    သွား    တယ်။
Saturday, September 05, 2009
ကြာသပတေး
“ကြာသပတေး”
မ  ဝေး  ဘူး
နီး . . . . . လည်း  မ  နီး  ခဲ့  ဘူး
ဒီ  လို  နဲ့  ပဲ . . . . . . ကိုယ်  ဟာ 
မှန်  ပြောင်း  တစ်  လက်  ဖြစ်  ခဲ့  တယ်
နီး  လိုက် . . . . . . . ဝေး  လိုက် . . . . . နဲ့
Wednesday, September 02, 2009
`ဘဒ္ဒါရေ …. နင် နွေတွေသာ ရွာချပစ်ခဲ့´
`ဘဒ္ဒါရေ …. နင် နွေတွေသာ ရွာချပစ်ခဲ့´
(၁)
အခုအချိန်မှာတော့ ငါဟာ
အမာရွတ်တွေသာကျန်တော့တဲ့
မြို့ဟောင်းမြို့ကြွင်းတစ်ခုဖြစ်တယ် ဘဒ္ဒါ
နင့်နှုတ်ခမ်းတွေ ၊ နင့်မျက်ဝန်းတွေနဲ့
နင့်ဥပေက္ခာတွေသာ ကြွင်းကျန်ရစ်တဲ့မြို့တစ်မြို့ပေါ့
ငါ လေတိုက်တိုင်း နင်မယိမ်းတော့သလို
ငါ ယိမ်းတိုင်းလည်း နင် လေတွေတိုက်ခတ်မပေးတော့ဘူး
စူး …. လိုက်တာ ဘဒ္ဒါရယ်
(၂)
ဝေး …. ဝေး …. ဝေး
ဝေးကွာခြင်းဟာ ငါ့ကိုအလျားလိုက်ဖြန့်ခင်းလို့
တောကြီးတစ်ခုစာ ၊ တောင်ကြီးတစ်ခုစာ ခြားနေသလိုပဲ ဘဒ္ဒါ
မှား … မှား … မှား
မှားယွင်းမှုက ငါ့ကို နက်နက်ရှိုင်းရှိုင်းပစ်ချ
အဲဒီလို အဝေးကြီးဝေး အမှားကြီးမှားနေရင်းက
`နင် သိပ်လှတာပဲ ဘဒ္ဒါ´ လို့ တွေးမိပြန်တယ်
ငါက သူရူးတစ်ယောက်ပါ
(၃)
အောက်တိုဘာလ မရောက်ချင်ဘူး
ရှစ်ရက်နေ့တွေဆီ မရောက်ချင်ဘူး
အောက်တိုဘာ ရှစ်ရက်တွေဆီကိုလည်း မရောက်ချင်ဘူး
ငါ …… ငါ ဘယ်ကိုမှ ဆက်မသွားချင်တော့ဘူး ဘဒ္ဒါရယ်
အဲဒီလိုပဲ ငါ့ဆီကိုလည်း ဘာတွေမှ ဆိုက်ကပ်မလာစေချင်တော့ဘူး
`အငြင်းဝါကျ´ တွေ ရှုပ်ထွေးပြန့်ကျဲ ….. ငါ့အနား ရှုပ်ထွေးပြန့်ကျဲ
ဒါလည်း `ငရဲ´ ပါပဲကွယ်
(၄)
ငါ လိုက်ရှာခဲ့မိတဲ့ `နင်´ ဆိုတာ
အခုလို ဆံမျှင်ရှုပ်ပွ မာယာတွေပြထားတဲ့ မိန်းကလေးမဟုတ်ဘူးလေ
အရင်လို …..
နှလုံးသားကအပြုံးကို နှုတ်ခမ်းမှာ သုံးတတ်တဲ့
ကောင်မလေးတစ်ယောက်ကိုပါ ဘဒ္ဒါ
အရင်တုန်းကလို ….. ဘဒ္ဒါကို ငါမြင်နေချင်တာပါ
(၅)
ဘဒ္ဒါရေ …. ဘဒ္ဒါ
ငါ ရင်တွေနာလိုက်တာ …. ငါ မောနေလိုက်ရတာ
ကိုယ့်ကိုယ်ကို ဘာမှန်းမသိတော့တဲ့ပန်းတွေထဲမှာ
နင် အပါအ၀င်ပဲ
အခု ဘယ်လိုပြုံးရမလဲ နင်မသိတော့ဘူး
ရိုးရိုးသားသား မိုးရေစက်တွေကို နင်မသိတော့ဘူး
နင်က လမ်းကျဉ်းကျဉ်းလေးထဲ တိုးဝင်ပျောက်ကွယ်
တိုးရင်း ……. ၀င်ရင်း ပျောက်ကွယ်
`စစ်မှန်ခြင်း´ ဘယ်မှာလဲဆိုတာ နင်မသိတော့ဘူး ဘဒ္ဒါ
(၆)
ဒီလိုနဲ့ပဲ ကွဲရှလာတဲ့ ဖန်ပုလင်းလေးဟာ
နင်ရော ငါရော ဖြစ်နေခဲ့ပြီ
ပုံရိပ်ယောင်တွေကြောင့် နင် …… ကွဲ ရှ
ငါက နင့်ကြောင့် ကွဲ အက် ရှ တ လို့ပေါ့ဘဒ္ဒါရယ်
အတူတူပါပဲ ……..
ဒါပေမယ့် ဘာလို့ အတူတူမဟုတ်ပြန်တာလဲမသိဘူး ဘဒ္ဒါ
(၇)
တဖြည်းဖြည်းချင်းနဲ့ပါပဲု
ကြယ်တွေ ကြွေလာ ….. ကြယ်တွေ ကြွေလာ ….
နောက် ……… ကြယ်တွေ တဟုန်ထိုးကြွေလာခဲ့
ဘဒ္ဒါရေ …………………..
ဘဒ္ဒါရေ …………….
ဘဒ္ဒါရေ ……….
ဘဒ္ဒါရေ ….
ဘဒ္ဒါ ………………… ရေ …………….
(၈)
ငါ့ရင်ထဲက `စစ်မှန်သော´ ဘဒ္ဒါဟာ
မှန်တစ်ဖက်ခြားထဲက ဘဒ္ဒါသတ်လို့ သေပြီ
နောက်ဆုံးအနေနဲ့ …… ငါ ဘယ်ကစပြောရမှန်းမသိဘူးကွယ်
ဘဒ္ဒါရေ ………… နင် …. နွေတွေသာ …… ရွာ  ချ  ပစ်  ခဲ့ ………..
မှတ်ချက် ။           ။ ကဗျာဆရာကြက်သွန်၏ `နွေချည်းသက်သက်များ´ကဗျာမှ
                          ဘဒ္ဒါ အား ပြန်လည်ခံစားရေးဖွဲ့ပါသည်
Tuesday, September 01, 2009
ကြယ်တွေအစိမ်းလိုက်အခြွေခံနေရတဲ့ကောင်းကင်
အရှေ့မှာ ... မိုးတိမ်တွေပြိုနေတာ
ကိုယ်နဲ့မဆိုင်သလိုပဲ
တစ်ရက်ပြီးတစ်ရက် ငါတို့ပိုအက်ကွဲလာကြ
ဒီတစ်ညလည်း ကြယ်တွေကြွေကြဦးမှာပဲ
ဒီမှာ အစိမ်းလိုက်ချုပ်ထားရသော နှလုံးသားနဲ့
လွမ်းဖျား လွမ်းနာ ကျ
ဒီညက ခင်ဗျားပြောသလို
ကြယ်တွေကြွေနေတာ အမှန်ပဲ
ကြယ်တွေကတော့ ကြွေပါတယ်
ငါ့ဆုတောင်းသံ မထွက်ဘူး
မီးလိုပူခဲ့သော နေ့တွေ
မီးလိုလောင်နေသော ညတွေ ..
ကြယ်တွေကတော့ ကြွေပါတယ်...
သံသရာရှည်မှာမကြောက်ပါဘူး
နင့်ရယ်သံတွေ ရာသီမတိုင်ခင်ရွာမှာကိုပဲကြောက်တယ်
ဆုတောင်းတိုင်းမပြည့်တတ်တဲ့
နက္ခတ်တာရာတွေက ကောင်းကင်မှာအပြည့်
တို့တွေအဲဒီလိုပဲ ယုတ္တိရှိရှိဝေးခဲ့ကြ
အရာရာဟာ အရာရာအတိုင်း
ဘာကိုမှအဟောင်းအတိုင်းမထားခဲ့နိုင်ဘူး
ဒီတော့ . . . အရာရာကို ပြန်စဖို့အတွက်
သုညတစ်လုံးလောက် လိုတယ်။
ဘယ်လိုကြောင့်များ
စိတ်ကူးတွေမှားခဲ့ကြသလဲ
နှုတ်ခမ်းတွေခါးခဲ့ကြသလဲ
ဝေးကွာခြင်းကို ပြန်လည်ခေါ်ယူလို့
ကဖေးဆိုင်လေးကို အသက်သွင်းကြည့်မိတယ်
နတ်သမီးရယ် . . . . . . .
နင် ပြတ်ပြတ်သားသားရယ်ရက်လေတယ်
မြေမှုန့်လူးနေတဲ့နှင်းဆီလည်းနှင်းဆီပဲ
နှင်းစိုနေတဲ့နှင်းဆီလည်း နှင်းဆီပဲ
ငါတို့တစ်နေ့နေ့မှာ ဝေးရမယ်ဆိုရင်လည်း
ဘယ်ဘုရားဆီမှာမှ ငါဆုတောင်းမှာမဟုတ်ဘူး
တကယ်တော့ငါကလည်း ငါပါပဲ ...
ဝတ်မှုန်တွေလွင့်နေခဲ့တာတောင် ရနံ့ကိုမကြိုက်ခဲ့ဘူး
ရပ်နားကြစို့တဲ့လားကွယ်
ငါ့အနားရပ်သွားတဲ့ စက္ကူရွေ့သံတွေ
တိုးတိုးလာမယ့်အသံတွေ
ပြီး...
တိုးတိုးသွားမယ့် အသံတွေ
(ရင်ထဲမှာ စိတ္တဇနာမ်တွေနဲ့ပြည့်..)
နတ်သမီးရယ်...... ၊၊
ကွဲအက်သွားတဲ့စာရွက်ကို
ပြန်ဆက်ဖို့ကလည်းခက်တယ်
ယင်းထအိပ်မက် ၊ အဆိပ်တက်စက္ကူငှက်ရုပ်များ
လေရူးဆန်ဆန်စာတိုပေစများ
ဒီအတိတ်တွေကြား . . . . . .
ငါလည်း သွားချင်ရာသွားနေခဲ့ရ
တိုးတိုးလေးအော်ခေါ်နေမိပြန်တယ်
နတ်သမီးရယ် . . . . နတ်သမီးရယ် . . .
နတ် သ မီး ရယ် . . . .
ဒါကို သင်္ခါရလို့ မပြောနဲ့
ဒါကို တည်မြဲပြိုကွဲခြင်းလို့မပြောနဲ့
ဒါကို ... ဒါကို
ဘာမှမပြောပါနဲ့ကွယ်
တကယ်တော့
ငါတို့အစကတည်းက ဘာမှမပြောခဲ့ကြပါဘူး
နင့်ရဲ့ရှေ့မှာ . . . . ပြီးတော့ ငါ့ရဲ့ရှေ့မှာ
မိုးတိမ်တွေ ပြိုကွဲလွင့်စင်နေခဲ့တာ
နတ်သမီးရယ် . . . . .
ဝေးခဲ့ကြပြီးတာတောင် တစ်သက်လုံးစာ
ကြယ်တွေခြွေချထားရစ်ခဲ့တယ် ။ ။
ဇာတိ +  သူရဿဝါ  +  ရိုးရာ  +  ကြက်သွန်