Subscribe Twitter FaceBook

Thursday, May 27, 2010

ဒါလေးတောင်မသိဘူးလားညီမလေးရာ



“ဒါလေးတောင်မသိဘူးလားညီမလေးရာ”




နေ့လည်ဟာ ….. ငရဲဖြစ်တယ်
ကိုယ့်လက်တွေ တဆတ်ဆတ်တုန်ခါလို့
ကိုယ့်စိတ်တွေ လောင်မီးကျလို့
ကိုယ်ဘာဖြစ်တာလဲ ကိုယ်မသိဘူး
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ဒါလေးတောင်မသိဘူးလား
နေ့လည်ဟာ ငရဲဖြစ်တယ်
ကိုယ်တို့နှစ်ယောက်က ဝေးကွာ
အဝေးကြီးဝေးကွာသွားသလိုမြင်ရ
ကိုယ်က ညီမလေးကို စကားတွေပြောတယ်
ညီမလေးက ကိုယ့်ကိုစကားတွေပြောတယ်
ညီမလေးရယ်ခဲ့တာလေး …… ကြေကြေကွဲကွဲကြားရ
ပါးပေါ်ကမှဲ့နက်ကလေး …… ကြေကြေကွဲကွဲမြင်ရ
စကားတွေပြောရင်း စကားတွေဆွံ့အတယ်
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ညီမလေးဆီဘာလို့ဖုန်းဆက်တာ
ညီမလေးဟာဘာလို့ ကိုယ့်ကဗျာတွေထဲရောက်ရောက်နေတတ်တာ
ညီမလေးရင်ကွဲသံကို ကိုယ်ကဘာလို့ရင်ကွဲခံပြီးနားထောင်တာ
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
စိတ်ညစ်ရတာချင်းတူတယ်
ဒါပေမယ့် ကဗျာရေးတာနဲ့ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်တာ
မတူဘူး ….. တကယ်မတူဘူးညီမလေးရာ
ညီမလေးကသေချင်စိတ်ပေါက်တဲ့အချိန်မှာ
ကိုယ်ကသေချင်စိတ်ကိုဖျောက်တယ်
မတူပါဘူးညီမလေးရာ ……
ညီမလေးက ဘယ်သူနဲ့မှမတွေ့ချင်တဲ့အခါ
ညီမလေးက ဘယ်သူနဲ့မှစကားမပြောချင်တဲ့အခါ
တကယ်မတူဘူးညီမလေးရာ …….
ကိုယ်က ညီမလေးနဲ့ပဲတွေ့ချင်တာ
ကိုယ်ကညီမလေးနဲ့ပဲစကားပြောချင်တာ
မတူဘူးညီမလေးရာ ….. ဒါလေးတောင်မသိဘူးလား
ဒီလို ……. ကိုယ်နဲ့မတူတဲ့ညီမလေးကို
ကိုယ်ကဘယ်သူနဲ့မှမတူအောင် ……… ချစ် ရ တာ
ညီမလေးရာ ….. ဒါလေးတောင်မသိဘူးလားဟာ
ဘယ်ကိုမှမသွားပါနဲ့ညီမလေးရယ်
သွားမယ်ဆိုလည်း ခဏလောက်နှုတ်ဆက်ပါ ညီမလေးရယ်
ခဏပဲနှုတ်ဆက်တယ်ဆိုလည်း ပြန်တော့လာပါ ညီမလေးရယ်
ပြန်လာမယ်ဆိုလည်း ကိုယ့်ဆီလာပါ ညီမလေးရယ်
ဘယ်    ကို    မှ    မသွားနဲ့ညီမလေးရာ
အဲဒါ …… ကိုယ်ဘာဖြစ်နေတာလဲ
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ဖုန်းနံပါတ်ကလေးတွေကို လွမ်းနေရတော့မှာပဲဟာ
ညီမလေးရဲ့ “ဟွန့်” ကိုလွမ်းနေရတော့မှာပဲဟာ
လွမ်း    နေ    ရ    တော့    မှာ    ပဲ    ဟာ
ညီမလေးက ဘယ်တော့ကိုယ့်အနားကိုပျံဝဲလာမှာ
ညီမလေးဓါတ်ပုံက ဘာလို့ “ကြာသပတေး” ဖြစ်ခဲ့တာ
ညီမလေးရဲ့ (၁၁) နာရီကို ကိုယ်ကဘာလို့ချိန်းဆိုတာ
ညီမလေးနဲ့အတူ ဘာလို့ကန်ဘောင်မှာလမ်းလျှောက်ချင်တာ
ညီမလေးရာ …… ဒါလေးတောင်မသိဘူးလားဟာ
တကယ်ပဲ ဒါလေးတောင်မသိဘူးလား ညီမလေးရာ
ညီမလေးရဲ့အတိတ်အတွက် ခဲဖျက်ကလေးဖြစ်ချင်
ညီမလေးရဲ့ရပ်ဝေးမြေခြား ပျံလွှားလေးဖြစ်ချင်
ညီမလေးရဲ့တမ်းတစိတ် အရိပ်လေးဖြစ်ချင်
မတူဘူးလားညီမလေးရယ် ……. တကယ်မတူဘူးလား
ဒါလေးတောင်မသိဘူးလား ညီမလေးရာ
နေ့လည်ဟာ ငရဲဖြစ်နေတာ
ပူမနေဘူးလားညီမလေးရယ် …… ကိုယ်နဲ့အတူ
မပူဘူးလား ……. မတူဘူးလားဟာ
ဘယ်သူနဲ့မှမတူအောင် ချစ်    တာ
မတူဘူးလားညီမလေးရယ်
ညီမလေးမသိအောင်   ချစ်   ရ   တာ
မသိဘူးလားညီမလေးရယ်
ဒါလေးတောင်မသိဘူးလား ညီမလေးရယ်
ကိုယ့်ကိုယ်ကိုပြန်ကုစားတော့
ကိုယ်ကိုယ်တိုင်ပဲ ခွဲစိတ်ခန်းသုံးဓါးဖြစ်ရတာ …..
ပူပါတယ်ညီမလေးရယ် …. ငရဲပါ ……… ကိုယ်သိပါတယ်
ကိုယ်သိပ်သိတာပေါ့ညီမလေးရယ်
ဒါလေးတောင် ညီမလေးမသိဘူးလားဆိုတာ ……… ။                             ။




သူရဿဝါ
မေလ ၂၇ ရက် ၊ ၂၀၁၀ ခုနှစ်


Wednesday, May 26, 2010

ငါနဲ့ ချောင်းကြည့်ပေါက်ကလေး . . . အခု . . .


“ငါနဲ့ ချောင်းကြည့်ပေါက်ကလေး . . . အခု . . .”






အရင်လိုမကြည့်တော့ဘူး . . . ငါ
အချစ်က ဘာမှန်းမသိတဲ့ အခိုက်အတန့်မှာ
ချောင်းကြည့်ပေါက်ကလေးတစ်ခုစာနဲ့
ငါလေ . . . သိမ်သိမ်ငယ်ငယ်ဖြစ်ရပေါ့။
ကန်းသလိုဖြစ်နေတဲ့မျက်လုံးနဲ့ ကြည့်ရပါတယ် . . . ဆိုတဲ့နောက်
နင်ကဘာကိုကြောက်နေခဲ့တာလဲ




ချစ်လို့ကြည့်တာပါ
ငါက ချစ်လို့ကြည့်တာပါ . . .




အခု . . . အရင်လိုမကြည့်တော့ဘူး . . . ငါ
ငါကိုယ်တိုင် ချောင်းကြည့်ပေါက်ကလေးထဲမှာ . . .
ငါဘာဖြစ်ချင်လဲဆိုတာထက် နင်ဘာဖြစ်ချင်လဲဆိုတာ၊
ငါဘာလိုအပ်လဲဆိုတာထက် နင်ဘာလိုအပ်နေလဲဆိုတာ၊
ငါဘယ်ရောက်နေလဲဆိုတာထက် နင်ဘယ်မှာလဲဆိုတာ၊
အရာရာကိုပေါ့ . . .ချောင်းကြည့်ပေါက်လေးကနေတစ်ဆင့် . . .
နင် မသိဘူးဆိုတာလည်းသေချာတယ်
ချောင်းကြည့်ပေါက်ကလေးဟာ တစ်လမ်းသွားစနစ်ဆိုးနဲ့


နားမလည်နိုင်စရာတွေများတဲ့လောကမှာ
ငါ့အတွက်နားမလည်စရာတွေထပ်တိုးလာပြန်တယ်
ချောင်းကြည့်ပေါက်ကလေး . . . ဧရိယာကလည်းသေးတော့
တစ်ဝက်ပဲမြင်ရပြီး တစ်ဝက်ကိုဆက်တွေးလို့မရ . . . ပျက် ပြယ်
နင် . . . အိပ်မက်တစ်ခုခုထဲရောက်နေတာလား၊
နင်အခု သရဲရထားစီးသလို ခံစားမှုမျိုးနဲ့လား၊
ငါက မိုးပျံပူဖောင်းတစ်ကောင်လား၊
သေချာတယ် . . . ငါဆက်တွေးလို့မရတဲ့တစ်ဝက်ဟာ
ငါ့အသက်ဖြစ်နေတာ . . .




ချောင်းကြည့်ပေါက်ကလေးရယ်၊ ဟောဒီမျက်လုံးတွေရယ်ဟာ
သိပ်မိုက်မဲတာပဲ




အေးအေးဆေးဆေးမနေတတ်ဘူး
ဆေးပြားတချို့နဲ့ အကျွမ်းတဝင်မရှိဘူး
လိုအပ်ရင်အမှောင်ချပစ်နိုင်တဲ့မိုးတိမ်မျိုးမရှိဘူး
ဘာမှမကြည့်လို့ ဘာမှမြင်တာ . . . ဆိုတဲ့
နင့်လိုပါးရည်နပ်ရည်မျိုးလည်းမရှိဘူး




အရင်လို . . နင့်ကို စူးစိုက်မကြည့်တော့ဘူး . . ငါ
အချစ်ဟာ ဘာမှန်းမသိနိုင်တဲ့အခိုက်အတန့်အလယ်မှာ
လုံးချေထားတဲ့စက္ကူစလို ကျိုးကြေတွန့်ခေါက်
အခု . . . ငါနဲ့ ငါ့ချောင်းကြည့်ပေါက်ကလေး . . . .။






သူရဿဝါ
မေလ ၂၆ ရက် ၊ ၂၀၁၀ ခုနှစ်

Tuesday, May 25, 2010

မိုးတိမ်သံသရာ






“မိုးတိမ်သံသရာ”
မော့ကြည့်မိတော့ . . .
မျက်စိတဆုံး မိုးတိမ်တွေလှလိုက်တာ
မော့ကြည့်ရတဲ့မျက်ဝန်းမှာ
ဒဏ်ရာ . . . အနာတွေနဲ့အပြည့်
အဲဒီ ဒဏ်ရာတွေရဖို့
နှစ်ပေါင်းနှစ်ဆယ်ကျော် ရင်းနှီးခဲ့တယ်
အရင်းအစားများသလို
အမြတ်အစွန်းများများ ၊ အရှုံးအနိမ့်များများ
ဆိုပြန်တော့
မျက်လုံးမှာ ဒဏ်ရာအနာတွေအပြည့် . . . ဝေ့လာပြန်တယ်
အဲဒီမျက်လုံးတွေနဲ့ပဲ မော့ကြည့်လိုက်တယ်
မိုးတိမ်တွေလေ . . . လှ နေ လိုက် တာ . . . .
သူရဿဝါ
မေလ ၂၅ ရက် ၊ ၂၀၁၀ ခုနှစ်




Sunday, May 23, 2010

ရှင် …………. ဝေး


“ရှင် …………. ဝေး”

စိတ္တဇ . . . . .
ရှင်သန်ခြင်းကဝေးကြဖို့လို့
ဒါ စိတ္တဇပဲ
ငါ့ဆီကြေးနန်းရိုက်လိုက်ပါ
“ခင်ဗျားကိုယ်ခင်ဗျားမီးလောင်နေပြီ”
ခင်းကျင်းပြသလိုက်
မဟုတ်ဘူး . . . . ဒီမှာ မနက်တိုင်းက
သေကြောင်းကြံစည်
မနက်စာ စားရသလောက်ပါပဲ
ဟော့ဟော့ရမ်းရမ်းလမ်းလျှောက်ရသလိုပဲ
သိပ် . . . . . လွယ်ကူတယ်
အိမ်ပြန်စရာမလိုတော့ဘူး
ရှန်ပူနံ့သင်းသင်းသုံးစရာမလိုတော့ဘူး
ရှင် . . . . . နေရတာ စိတ္တဇ
ဝေး . . . . . နေရတာ စိတ္တဇ
“ငါ ဘာ တွေး မိ လဲ” ကို ပိုက်ကွန်အုပ်ထားမယ်
မိန်းကလေးတစ်ဦးအတွက် . . . . . . .
. . . . . . . . .
ယောင်္ကျားလေးတစ်ဦးက
“ . . . . .” အဲဒီလို သင်္ကေတပြတယ်
ဒါသိပ်လွယ်ကူတယ် . . . . ဟား . . . . စိတ္တဇပဲ
ငါ့ကိုရေခဲသေတ္တာဖွင့်သလိုဖွင့်ခဲ့တာ
မုဆိုးက သားကောင်ကိုလိုက်သလို . . . . .
သေလိုက်
ရှင်လိုက်
ဝေးလိုက် . . . . နီးလိုက်နဲ့
ပြေးကန်လိုက်ပြန်ကောက်လိုက်လုပ်ရအောင်
ငါ . . . . ဘောလုံးမဟုတ်ဘူး
ရာသီဥတုများတယ် . . . . . . မြွေပဲ
“သိပ် ရယ် ရ တာ ပဲ”
အဲဒီအသံခပ်ချွဲချွဲက
သစ္စာစကားမှမဟုတ်တာ . . . . . . . .
. . . . . . . . စိတ္တဇဖြစ်ရတဲ့အထဲ
စိတ်“တစ်”စမှ လာအပစ်မခံနိုင်ဘူး
နား . . . . . နား . . . . . နားလိုက်
တစ်သံသရာတည်းလည်ချင်သပဆိုလား
ဝတ်ကျေတန်းကျေပါ . . . .
ခဏတဖြုတ် ဧည့်ခံစကားပြော
ငှက်ဖြစ်ရင်တောင် တစ်ကိုင်းတည်းနား . . . . . . . . . ချင်
နားထားလိုက် . . . . ဆုတောင်းရုံပဲကောင်းတယ်
ခပ်ပြုံးပြုံးလေးပြောခဲ့တာတော့
ကောင်းတယ်
သိပ် . . . . . . လွယ်ကူတယ်
ကျွတ် . . . . စိတ္တဇပဲ
ငါ့ကိုယ်ငါ မီးလောင်နေတယ်
တစ်ယောက်ယောက်ဆီ ကြေး နန်း
ရိုက်
လိုက်
မိ . . . .

သူရဿဝါ
မေလ ၂၃ ရက် ၊ ၂၀၁၀ ခုနှစ်

Saturday, May 22, 2010

၂၈ - အင်ဒီးစ်မြေစိုင်မြေခဲကြီး


“၂၈ - အင်ဒီးစ်မြေစိုင်မြေခဲကြီး”








( ၁ )
“ မြေမှုန်မြေခဲလေးက . . . တစ်နေ့မှာ
အင်ဒီးစ်တောင်တန်းကြီး ဖြစ်မလာဘူးလို့
ဘယ်သူပြောရဲသလဲ . . . ” ဆိုတော့
ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်လို့ သိရတယ်
ဟက်ဟက်ပက်ပက် လှောင်ရယ်ခဲ့တယ်
ခပ်ညံ့ညံ့ဟာသလို့ သိတယ်
ရဲရဲကြီး လောင်းကြေးထပ်ချင်စိတ်ဖြစ်မိတယ်






( ၂ )
“ မိန်းမဟာ မာယာများတယ် ” လို့ဆိုတယ်
ဒါဖြင့်ရင် . . . ကြီးမြတ်သော ယောင်္ကျားဟာ
မိန်းမထက် မာယာပိုများရမယ်
ဒါပေမယ့် သူရဲကောင်းဆန်တဲ့ မာယာမျိုးတော့ဖြစ်မှ ၊
နောက်ပြီး ယောင်္ကျားမာယာဟာ
လောကမာယာကို ထိပ်ပုတ်ခေါင်းပုတ် ဆော့ကစားနိုင်ရမယ် ၊
လောကရဲ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နိုင်စွမ်းရမယ်




( ၃ )
“ မဖြစ်နိုင်ဘူး . . . . မဖြစ်နိုင်ဘူး ”
အဲဒီလို ထင်ခဲ့တယ် ၊
“ မတွေ့ရနိုင်ဘူး . . . တွေ့မှာမဟုတ်ဘူး ”
အဲဒီလို ထင်ခဲ့တယ် ၊






( ၄ )
တစ်နေ့ကျတော့ . . . .
အင်ဒီးစ်မြေခဲကြီးကို
မာယာတွေအပြည့်နဲ့
“ ဘွား ” ခနဲ . . . . သွားတွေ့လိုက်တယ် ။








သူရဿဝါ
မေလေ ၂၂ ရက် ၊ ၂၀၁၀ ခုနှစ်






( ချစ်သော အစ်ကိုကြီး “ ကိုထွန်း ” ၂၈ နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရရေးဖွဲ့ပါတယ် )




Friday, May 21, 2010

ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ


“ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ”

အမှတ်တမဲ့ . . . .
နင်နဲ့တူတဲ့သူတွေ့ရင်တောင်
သွားရင်းလာရင်းလွမ်းရတယ်
ခရီးသွားဟန်လွဲလွမ်းရတယ်
သမင်လည်ပြန်လွမ်းရတယ်
အဲသလောက်ထိ . . . နင့်ဆီ . . .
ဘယ်သူ့အတွက်ခူးထားတဲ့ပန်းလဲမေး
ငါ့ ကိုယ်စိတ်နှလုံးသုံးပါးစလုံးက
နင့်နာမည်ပဲပြောပြနေမှာ . . .
ငါတစ်ကောင်လုံးရဲ့တစ်ကိုယ်လုံးမှာ
ငါ့နှလုံးသားကပဲ နင့်ကိုကွက်ပြီးချစ်ရတာ
အားမရဘူးဟာ . . . .
တစ်နေ့မှာ ရှစ်နာရီလောက် နင့်အကြောင်းတွေးလို့မရတာ
အားမရဘူးဟာ . . . .
ငါ့ကိုချိတ်တွယ်ထားတဲ့ ငါ့ပါလေရာနောက်မြီးတွဲမလေး
`ဘယ် လောက် ထိ နင့် အ တွက် ငါ . . .´ သိချင်လား
ငါဆိုတဲ့ကောင်ကို နှစ်ပိုင်းပိုင်းလိုက်
တစ်ဝက်ကိုနင်ပိုင်တယ်
ကျန်တဲ့တစ်ဝက်က နင့်ကိုငါပေးတဲ့လက်ဆောင်
ဘယ်နေ့မှမရှောင်ဘူး နင့်ကိုငါချစ်တယ်
အီးမေးလ်ပို့စရာမလိုဘူး
ဖုန်းနဲ့ဆက်သွယ်စရာမလိုဘူး
နင်နဲ့ငါကစိတ်ချင်းဆက်အမြွှာ . . .
ခက်ခက်ခဲခဲမရှာနဲ့ နင့်အနားကကောင်ပါ
နင့်မျက်လုံးလေးတစ်ချက်ဝင့်တာနဲ့
လွင့်ထွက်သွား . . . စကြာဝဠာတံတိုင်းအထိ လွင့်သွားပေးချင်တာ
ဘယ်လိုကောင်နဲ့ ဘယ်လိုကောင်မလေးပါလိမ့်
Fall in Love, Fall in Love
မတ်တပ်ရပ်ဖို့တောင်မလွယ် . . .
ကျေကျေနပ်နပ် အရှုံးခံချင်နေကြတာ
စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝနှစ်စုံရှိတယ်
ဖိနပ်ကလေးနှစ်ရံရှိတယ်
ပုံတူမျိုးပွားထားတဲ့
`နင်ဟာငါ့ရဲ့ကမ္ဘာ´ နှစ်ယောက်
အထီးကျန်စာရင်းမှာ ပျောက်နေ
စိတ်ချင်းဆက် လက်ချင်းတွဲ . . . ဒီလိုဆို
ငရဲကျရင်တောင် ဆီပူတစ်အိုးထဲဖြစ်ချင်တယ်
နင်က ငါသောက်လက်စ ကော်ဖီခွက်ဖြစ်နေတော့ . . .
ငါဟာ နင်သွားနေကျလမ်းဖြစ်နေတော့ . . . .
နင်က ငါဆိုနေကျသီချင်းဖြစ်နေတော့ . . . .
ငါဟာ နင့်သံလိုက်အိမ်မြှောင်ဖြစ်နေတော့ . . . .
သေ ချာ တယ် . . သေ ချာ ပါ တယ်
ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ ။

သူရဿဝါ
မေလ ၂၁ ရက် ၊ ၂၀၁၀ ခုနှစ်




Thursday, May 20, 2010

မီးသင့်နှင်းဆီပွင့်ချပ်များ


“မီးသင့်နှင်းဆီပွင့်ချပ်များ”



ငယ်ဘဝအိပ်မက်မျိုးနဲ့
ဒီနှင်းဆီကိုမှ ပျိုးခဲ့သူ
မိုက်မဲမှုကို တံခွန်ထူလို့
ရိုဇီရေ . . . နင်ဟာ
မျက်လှည့်ဆရာရဲ့ မှော်အကျီ င်္တစ်ထည်ဖြစ်တယ် . . . ။



“ဒီနှင်းဆီလေးကို ငါ့အရေပြားပေါ် စိုက်ခဲ့ပါတယ်” စိုက်ခဲ့မိသည်။ တစ်ခုခုမှန်မှာပေါ့ဟု တွေးမိသော အချိန်သည် တစ်ခုခုမှားနေမှန်းသိရ၏နှင့် တစ်နာရီတည်းကျသည်။ တစ်မိနစ်ထဲကျသည်။ တစ်စက္ကန့်ထဲကျသည်။ မိမိကိုယ်ကို ပြုတ်ကျလာမှန်းသိမှ နင်လွှတ်ချလိုက်မှန်း သိတယ်။ ဘယ်နေရာ ရောက်နေမှန်းသိသည်။ ဘယ်နေရာ ရောက်ခဲ့မှန်း မသိခဲ့သည်ကိုလည်း သိသည်။ ရိုဇီရေ . . . ။ ဘာအသံမှမပေးကြဘဲ ဆူညံသံတွေကို ကြားရသည်။ နင်ထွက်သွားသည်။ နင်ပြန်သွားသည်။ နင်ရှောင်သွားသည်။ နင် ကိုယ်လွတ်ရုန်းသွားသည်။ တစ်ခုခုမှ မဟုတ်ပါ။ တစ်ခုခုလည်း ဟုတ်နိုင်သည်။ ဘာအသံမှ မပေးမိပါပဲ ဆူညံသည်ဟု ပြောကြသည်။ “နင်က ထောင်ချောက်ထဲက မထွက်နိုင်တာ” ။ ငါချစ်တယ်။ ဟုတ်သည်။ “နင်က ထောင်ချောက်ထဲက မထွက်ချင်တာ” ။ ငါမုန်းသည်။ မဟုတ်ဘူး။ ရိုဇီရေ . . . ရင်ထဲကမီးတောင်လေး ပေါက်ပါပြီ။ မိမိကိုယ်ကိုမိမိ လွှတ်ချခံရမှန်း သိချိန်သည် သူမဆီက ပြုတ်ကျလာမှန်းသိချိန်နှင့် တစ်ကမ္ဘာတည်းကျသည်။ တစ်ဥယျာဉ်ထဲ ကျတယ်။ တစ်နှင်းဆီထည်း ကျသည်။ ဘယ်နေရာကို ဘယ်အချိန်က ရောက်နေမှန်း မသိတော့ပါ။ မုန်းသည် နှင့် ချစ်သည်။



ငါက ဘူတာရုံတစ်ဝက် ၊ ရထားတစ်ဝက်ပါ ရိုဇီရယ်
ငါနှင်းဆီတွေ စိုက်မိနေတုန်းပဲ
အစင်းစင်းသောရနံ့တွေ ပြာရဲပြန့်ကျဲ
ငါ့ရင်ကို နှင်းဆီတွေ စိုက်မိနေတုန်းပါကွယ်
နှင်းဆီပွင့်များကြားမှာ မှိုင်းဖျော့ခဲ့ရသော ဘူတာရုံတစ်ခုရှိပါသည်။ ဘူတာရုံက ဆက်လက် ရွေ့လျား ချင်သော်လည်း ရထားက ရပ်တန့်ပစ်လိုက်ပြီဖြစ်သည်။ တွေဝေမိန်းမောနေရသော ဘူတာရုံက နှင်းဆီရနံ့ကို မုန်းနေတော့မည်။ လူပေါင်းများစွာ၊ ကုန်ပေါင်းများစွာကို တင်ဆောင်ရွေ့လျားခဲ့သော ရထားမှာလည်း သူ၏ ကိုယ်ပိုင်ဆန္ဒကိုမူ မသယ်ဆောင်နိုင်ခဲ့ပါ။ မှော်သားမီးလျှံများကို ပိုင်ဆိုင်သောနှင်းဆီတစ်ပွင့်က သူ့မာနကို တလက်လက် ထုတ်ပြနေ . . . ကမ်းလွန်ခံစားမှုကိုဗဟိုပြု၍. . . ငါ “ကန်း” နေ. . . ငါ့စိတ်နဲ့ငါ “လွန်” ဆွဲနေ . . . ထို့ကြောင့်ပင် ငါ့ကိုယ်ငါ “ဗဟို” ပြု၍ မရပါ။ ရိုဇီရေ. . . နင်က နှင်းဆီဖြစ်ရင် ငါက ရနံ့တွေကျဲချပေးမည်။ ငါ ရနံ့ ဖြစ်သွားလျင်တော့ နင်က “ငါ့နှင်းဆီပွင့်လေး” ဖြစ်ချင်လိမ့်မည်မဟုတ်ပါ။ မှား . . . မှား . . . ငါမှားခဲ့သည်။ အခုချိန်ထိ နှင်းဆီတွေ ငါစိုက်နေဆဲပင် ဖြစ်သည်။



မီးတောက်အဖူးအငုံတွေရဲ့နောက်မှာ
ဆူးတွေမိုးသို့ဆန့်တန်း
ငရဲခန်းဂါထာတစ်ပုဒ်ကို
ရွတ်တယ်



ကြားတယ် . . . ငါ . . . ကြားနေရသည်။ ငါ. . မကြားချင်ပါ ရိုဇီ။ နှုတ်ခမ်းတွေကို ကြောက်သည်။ ကျိန်စာတွေကို ကြောက်သည်။ ကျိန်စာရွတ်သော နှုတ်ခမ်းတွေကို ကြောက်သည်။ နှင်းဆီက လှည့်ဖျားခဲ့သည်။ ငါက လှည့်စား ခံခဲ့ရသည်။ “ကတ္တား” နှင့် “ကံ” ပြည့်စုံသော အဖြစ်အပျက်တစ်ခုဖြစ်သည်။ ငါ “အ” ခဲ့မိမည်ဟု ယူဆပါသည်။ ငါသည် “ကတ္တား” မှန်းမသိ “ကံ” မှန်းမသိသော ခပ်ညံ့ညံ့ ကျောင်းသားတစ်ယောက် ဖြစ်ကောင်း ဖြစ်ခဲ့မည်။ ပုရပိုဒ် တစ်ချပ်တော့ ရှိနေခဲ့သည်။ မည်သည့်ဘာသာစကားဖြင့် ရေးထိုးထားသည်ကို မသိရ။ ဘာသာပြန်ဖို့ ကြိုးစားခဲ့မိသည်။ ငါ့မှာအပြစ်ရှိပါသည်။ ငါ့ကို ပစ်ပယ်သွားပါသည်။ အပြစ်နှင့်ဒဏ် မျှ/ မမျှသည်ကို မသိပါ။ သေချာခဲ့သည်က ဤမြေ၌ နှင်းဆီမပွင့်တော့ခြင်းဖြစ်သည်။
သွားရင်းလာရင်း
မတော်တဆ. . .



ဟိုးမှာ မိုးတွေညိုလျလာတာ
ဟိုးမှာ မိုးတွေပြိုကျလာတာ
မတော်တဆပါ “ရိုဇီအိပ်မက်” ရယ်. . .
ကျန်စာတစ်ပိုဒ်နဲ့ တစ်နွေလုံးလွင့်
မီးသင့်နေတဲ့ ပွင့်ဖတ်. . . ပွင့်ချပ်တွေ. . .



“ရိုဇီရေ . . . ရိုဇီ . . . ”
အော်ဟစ်ခေါ်မြည်လိုက်မှ “သူမ” မရှိတော့တာ သိရသည်။ သက်တန့်လုပ်ချင်လျင်တော့ ရွာချရဲ ရပါမည်။ တိတ်ငြိမ် အေးစက်သွားမှ နင်မရှိတော့မှန်း သိရသည်။ တစ်လွှာချင်း တစ်ချပ်ချင်း ပဲ့ကျလာရခြင်းသည် ဟုန်းခနဲ ပျောက်ဆုံးသွားခြင်းမဟုတ်ပါ။ နှင်းဆီတွေမပွင့်တော့မှ “သူမ” မရှိတော့ကြောင်းသိရသည်။ နှင်းဆီ သီချင်း၊ နှင်းဆီကကြိုး၊ နှင်းဆီမျက်နှာကျက်၊ နှင်းဆီမီးအိမ်၊ နှင်းဆီစာအုပ်၊ နှင်းဆီပြတင်းပေါက်၊ နှင်းဆီထီး တစ်လက်၊ နှင်းဆီတွေရွာတဲ့မိုး၊၊ နှင်းဆီတွေ ပွင့်ဖွားလာမှ နင်မရှိနေတာ သိရသည်။ မျှောချရက်သောကြောင့် မျောလိုက်ရခြင်းဖြစ်သည်။ ပင်လယ်တစ်စင်းလုံး၏ အလယ်ရောက်မှ “ရိုဇီ” မရှိတော့မှန်းသိရသည်။ နှင်းဆီပွင့်သံ ကိုကြားရချိန်၌ မိုးတွေ ဝေါခနဲ့ရွာချလိုက်သည်။ ဆိပ်ကမ်းကို မြင်တွေ့လိုက်မှ “သူမ” မရှိတော့တာသိရသည်။ ပုစွန်တောင်မြို့နယ်လေးကိုသွားဖို့ တောင်းပန်စကားတွေ စုခဲ့ပါသည်။ နင်မရှိတော့တာကို ခေါင်းငြိမ့်ငြင်းဆန် လိုက်ရသည်။ သောကြာထောင့်သို့ ရောက်ချိန်တွင် လက်တစ်ဘက် လွတ်ကျသွားရသည်။ လွှတ်ချခဲ့ရသည် ။ နင် မရှိတော့ခြင်းကို ခေါင်းခါလက်ခံလိုက်ရသည်။ ငါ့ကိုယ်ငါပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ ရိုဇီရေ . . . နင် မရှိတော့ဘူး . . . နင်မရှိနိုင်တော့ဘူး . . . နင်ရှိနေမှာမဟုတ်တော့ဘူး. . . နင်ရှိမနေတော့ဘူး . . . . နင် ရှိမလာတော့ဘူး . . . ။



ဒါ. . . ပြဇာတ်တစ်ပုဒ်ကနေတာ
ခဏနေ ကန့်လန့်ကာကျလာတော့မှာပေါ့
အဖွင့်. . . အပျိုး. . . ဆိုးဆိုးရွားရွားနဲ့
ဇာတ်ဆင် . . . ဇာတ်သိမ်း
ဟောဒီစိတ်မှာ ကယိမ်းကပါးနဲ့
ရိုဇီရေ . . .
ခဏနေရင် . . .
ငါလည်း . . . အားလုံး . . .
ပြီး . . . ဆုံး . . . သွား . . . မှာ . . .



ပုစွန်တောင်မြို့လေးက ငါ့ကိုလာခွင့် မပေးတော့ဘူး။ မြေပုံပေါ်မှာတော့ ငါတို့ မိုင်ထောင်ပေါင်းများစွာ နီးကြပါတယ်။ ထွက်ပေါက်က ငါ့ရဲ့ကျောပေါ် ဖောက်ထားသည် ထင်သည်။ သူမကတော့ သူမ ထွက်သွားခြင်း မဟုတ်ပဲ “နင့်ကို အိမ်ပြန်ခိုင်းလိုက်တာ” ဟုပြောခဲ့သည်။ ဖြစ်နိုင်ပါဦးမည်ဆိုလျှင် . . . ဖြစ်နိုင်ပါဦးမည်ဆိုလျင် နှင်းဆီရိုးတံနှင့် မွှေထားသော ကော်ဖီတစ်ခွက်နှင့်၊ မဆိုပြဖြစ်သော သီချင်းတစ်ပုဒ်နှင့်၊ ဂျင်းအကျီ င်္ဝတ်ထားသော စာအုပ်အဟောင်းလေးနှင့် . . . ။ အို . . . ဖြစ်နိုင်ပါဦးမည် ဆိုလျင်ပေါ့ . . . ရိုဇီရေ. . . ။ ထိုနှင်းဆီပင်အား ရိတ်သိမ်းရန်အတွက် ငါကိုယ်တိုင်ပင် တံစဉ်တစ်လက်ဖြစ်လိုပါသည်။ ပြီးလျင် ငါ့ကိုယ်ငါလည်း ရိတ်သိမ်း ရလိမ့်မည်။ စနေနေ့များထံတွင် ငါသေဆုံးနေပါသည်။ ယခုဖတ်နေသောအရာသည် နှင်းဆီတစ်ပွင့်အတွက် ပြန်တမ်း ဖြစ်သည်။ ရိုဇီ. . . ရိုဇီ. . . ရိုဇီ. . . ငါဆက်လက်သီကြွေးနေလိမ့်မည်။ ရိုဇီရယ်. . . နင်ကြားလိမ့်မည်။ နင်ကြားနေလိမ့်မည်။ နင်ကြားကောင်းကြားလိမ့်မည် . . . ။ ရိုဇီ . . . . ရိုဇီ . . . ရိုဇီ . . .ရေ။




သူရဿဝါ ၊ ဇာတိ ၊ ရိုးရာ
မေလ ၂၀ ရက် ၊ ၂၀၁၀ ခုနှစ်

FACEBOOK FAN PAGE