Subscribe Twitter FaceBook

Tuesday, November 30, 2010

Mysuboo Fanclub Magazine အတွက် စာမူပေးပို့ထားသူများ/ ပို့လိုသူများ ဖတ်ပေးပါ


" Mysuboo Fanclub Magazine အတွက် စာမူပေးပို့ထားသူများ/ ပို့လိုသူများ ဖတ်ပေးပါ "

            ကျွန်တော်တို့ Mysuboo Fanclub ပရဟိတ အသင်းရဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည် မဂ္ဂဇင်း ထုတ်ဝေဖို့အတွက် စာမူတောင်းခံတဲ့ Post ကို ဟိုတစ်နေ့က ကျွန်တော် တင်ခဲ့ပါတယ်။ ဒီလို စာမူပေးပို့လို့ ရတယ်ဆိုတာကို ကျွန်တော်နဲ့ နီးကပ်တဲ့ စာဖတ်ပရိသတ်တင် မကဘဲ အွန်လိုင်းက Social Network Site တွေမှာ ဝါသနာအရ စာမူတွေ ရေးသားနေတဲ့ ဝါသနာရှင် အတော်များများပါ သိရအောင် ကျွန်တော့်ရဲ့ Private Blog မှာရော၊ Facebook က ကျွန်တော့် FanPage မှာရော၊ ကျွန်နော် လက်လှမ်းမှီတဲ့ Social Site အတော်များများမှာ ဒီ Post ကို လိုက်တင်ပေး ထားခဲ့ပါတယ် (မဖတ်ရ သေးသူများ ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်)။
            အဲဒီ Post တင်ပြီး တစ်ရက်၊ နှစ်ရက် အတွင်းမှာပဲ လူအတော်များများဆီက ပေးပို့တဲ့ စာမူတွေကို လက်ခံရရှိ ခဲ့တာတော့ အားရစရာပါပဲ။ ဒီလို အားတက်သရော စာမူပေးပို့ကြတဲ့ စာမူရှင်များ အားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် Post တင်တဲ့အထဲမှာ မရှင်းလို့ မေးကြတာတစ်ခုကတော့ စာမူဖောင်ပိတ်ရက် (ဘယ်နေ့ နောက်ဆုံးထားပြီး ပို့လို့ရသလဲ) ပါပဲ။ နောက်တစ်ခုက မဂ္ဂဇင်းမှာပါတဲ့ စာမူရှင်တွေကို အမှတ်တရ လက်ဆောင် ချီးမြှင့်မယ် ဆိုတဲ့ ကိစ္စပါ။ ဟိုတစ်နေ့က Post တင်တော့လည်း နည်းနည်း အလုပ်ရှုပ်နေတာကြောင့် အပြည့်အစုံ မရေးမိသလို ဖြစ်သွားပါတယ်။ အခု ကျွန်တော် သေချာ ရှင်းပြပါမယ်။
            ပထမဆုံး အနေနဲ့ ပြောချင်တာက အခု ထုတ်ဝေမယ့် မဂ္ဂဇင်းဟာ လစဉ်ထုတ်ဝေမယ့် မဂ္ဂဇင်း မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းပါ။ Mysuboo Fanclub အသင်းရဲ့ သုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တစ်နှစ် တစ်ခါသာ ထုတ်ဝေမယ့် မဂ္ဂဇင်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ စာမူပို့ရမယ့် အသေးစိတ် အချက်အလက်ပါ။ အခုထုတ်ဝေမယ့် မဂ္ဂဇင်းက ရသစုံမဂ္ဂဇင်း ဖြစ်တဲ့အတွက် သုတ၊ ရသ၊ နည်းပညာ၊ ဖျော်ဖြေရေး အစရှိတဲ့ စာမူအမျိုးအစား ပေါင်းစုံကို ထည့်သွင်း ဖော်ပြမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာမူပေးပို့သူတွေ အနေနဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေး စတာတွေ အပြင် မိမိ အားသန်ရာ နည်းပညာ၊ သုတ၊ ရသ၊ ဖျော်ဖြေရေးပိုင်းဆိုင်ရာ စာမူတွေကိုပါ ပေးပို့လို့ရပါတယ်။ မဂ္ဂဇင်းမှာ ထည့်သွင်း အသုံးပြုဖို့ အဆင်ပြေတဲ့ စာမူတွေကို ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး စာမူတစ်ခါပို့ပြီးရင် ထပ်ပို့လို့ မရဘူး မဟုတ်ပါဘူး။ အကန့်အသတ်မရှိ စာမူတွေ ပေးလို့ရပါတယ်။

Saturday, November 27, 2010

ကျွန်တော့်ကြောင့် မစ္စတာဘီးန်ဟာ ရယ်စရာမကောင်းတော့



“ကျွန်တော့်ကြောင့် မစ္စတာဘီးန်ဟာ ရယ်စရာမကောင်းတော့”


မစ္စတာဘီးန်ရဲ့ဟာသတွေလည်း မရယ်ရတော့ပါ။
လွန်လေပြီးသောခုနှစ်တစ်ခု မျက်စိရှေ့မှာ ခပ်တည်တည် ပြန်ရောက်လာပြီးနောက် …
ကီးဘုတ်မှတဆင့် ကွန်ပျူတာမျက်နှာပြင်ပေါ်သို့ ပို့လွှတ်သော
ကိုယ်/ ဟာသ၊ ကိုယ် (ကိုယ်တိုင်) ဟာသ၊ အထွေအထူးတော့ မဟုတ်ပါဘူး။
“မတွေ့ကြတာအတော်ကြာပြီနော်” ဆိုတာက အရမ်းကိုရယ်ရတာ။
ဒီလိုလေ … မစ္စတာဘီးန်က မရယ်ရတော့ဘူး၊ ဆိုပြီးတော့ ကျွန်တော် ဟာသတစ်ခုပြောပြလိုက်တယ်။
“ဒီမယ် မမခရေရဲ့ … အချစ်ဆိုတာ ရိတ်ချင်တိုင်းရိတ် နှုတ်ချင်တိုင်းနှုတ်ရအောင်
မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မဟုတ်ဘူး” ဘယ်လိုလဲ မမခရေ … ရယ်ရတယ်မဟုတ်လား။
တွန်းကန်လိုက်တဲ့ကောင်က ပြန်ပြီး လွင့်   လွင့် လွ င့်  စ ဥ် လာ ။
ခရမ်းရောင်ဟာ သင်္ကေတတစ်ခု၊ ဂစ်တာကြိုးပြတ်နေတဲ့ နိမိတ်ပုံက ရိုးသွားပြီဆိုရင် ဘာထပ်ဖြည့်မလဲ။
၂၀၀၇ ခုနှစ်ရဲ့ မိုးရာသီတစ်ခုလုံးဟာ ဟာသဇာတ်လမ်းပဲ၊ ကျွန်တော့် ဒိုင်ယာရီထဲက စကားလုံးတွေဟာ
သိပ်ရယ်ရတဲ့ စကားလုံးတွေအပြည့်ပဲ၊ လှလှပပ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ နာဇီတံဆိပ်ကြီး ကပ်ထားမယ်လို့
ဘယ်သူက ထင်မှာလဲ။ အဲဒါ ဟာသပဲပေါ့ မမခရေ။
ဟာသဆိုတာ … ကြည့်နေသူအဖို့ ရယ်ရပေမယ့် ဟာသဖြစ်နေတဲ့သူအဖို့တော့ ငိုစရာပဲ၊ ဒုက္ခပဲတဲ့။
လူသားဖြစ်တည်မှုရဲ့ တလွဲတချော် ကိစ္စတွေထဲ မစ္စတာဘီးန်ဟာ စနစ်တကျကူးခတ်ပြတော့ ဟာသဖြစ်သွားတယ်။
ဒါပေမယ့် မစ္စတာဘီးန်က ကျွန်တော့်လိုတော့ မျက်ရည်တွေကျနေတာကို ရယ်စရာဖြစ်သွားအောင် မပြုလုပ်နိုင်
ပြောရမယ့်စကားတွေနဲ့ အချိန်ကာလဟာ တေ့လွဲကလေးလွဲနေတာ။
ဘယ်လိုလဲ … ရယ်ရတယ်မဟုတ်လား မမခရေ။
၂၀၁၀ ရောက်တဲ့အချိန်မှာ မစ္စတာဘီးန်ဟာ ဘယ်လိုမှ ရယ်စရာမကောင်းတော့ဘူး။


သူရဿဝါ
နိုဝင်ဘာ ၂၇ ရက် ၊ ၂၀၁၀ ခုနှစ်

Thursday, November 25, 2010

Mysuboo Fanclub သုံးနှစ်ပြည့် အမှတ်တရ နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေရန် စာမူတောင်းခံခြင်း



Mysuboo Fanclub သုံးနှစ်ပြည့် အမှတ်တရ နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေရန် စာမူတောင်းခံခြင်း


၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော Mysuboo Fanclub ပရဟိတအဖွဲ့သည်  ၂၀၁၀ ခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။
ထို့အတွက် အမှတ်တရအနေဖြင့် Mysuboo Fanclub သုံးနှစ်ပြည့် နှစ်ပတ်လည် ရသစုံမဂ္ဂဇင်း (E-Book မဟုတ်ပါ) ထုတ်ဝေမည် ဖြစ်ပါသဖြင့် လေးစားရပါသော စာရေးသူများအနေဖြင့် ကဗျာ၊ ဝတ္ထု၊ ကာတွန်း၊ ဟာသ၊ ရသဆောင်းပါး၊ နည်းပညာဆောင်းပါး၊ ပရဟိတနှင့်ပတ်သက်သည့် ဆောင်းပါးများ၊ ရသစာတမ်း အစရှိသည့် စာမူများကို thurathawah.ptk@gmail.com နှင့် thurathawah@mysuboofanclub.com သို့ (စာမူပုဒ်ရေ အကန့်အသတ်မရှိ) ပေးပို့နိုင်ပါသည်။
ပေးပို့သော စာမူများထဲမှ သင့်တော်ရာ စာမူများကို နှစ်ပတ်လည်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြမည် ဖြစ်ပြီး ထည့်သွင်းဖော်ပြသော စာမူများထဲမှ တည်းဖြတ်သူအဖွဲ့ အနှစ်သက်ဆုံး (သုတ၊ ရသ ပေးစွမ်းနိုင်သော) စာမူများကို Mysuboo Fanclub ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပသောနေ့တွင် အမှတ်တရဆုများ ချီးမြှင့်မည် ဖြစ်ပါသည်။
စာမူပေးပို့သူများ အနေဖြင့် မိမိပေးပို့သော စာမူအမျိုးအစား (ဥပမာ - ကဗျာ၊ ဝတ္ထုတို) နှင့် မိမိ၏ ကလောင်အမည်ကို ရှင်းလင်းစွာ ဖော်ပြပေးရမည် ဖြစ်ပြီး ကိုယ်တိုင်ရေးစာမူ ဖြစ်ရပါမည်။ စည်းကမ်းချက်နှင့် မကိုက်ညီသော စာမူများကို ပယ်ဖျက်မည်ဖြစ်ပါသည်။


သူရဿဝါ
နိုဝင်ဘာ ၂၅ ရက် ၊ ၂၀၁၀ ခုနှစ်

Thursday, November 18, 2010

ကျနော်နဲ့ ဂွတီးဂွကျများ (၉)


“ကျနော်နဲ့ ဂွတီးဂွကျများ (၉)”

            ခေါင်းစဉ်ကြောင့်ပဲ ဖြစ်နေသလားတော့ မသိပါဘူး။ ဂွတီးဂွကျများကို မရေးဖြစ်တာ တော်တော်ကို ကြာခဲ့ပြီ။ အဲဒီ ဂွတီးဂွကျများ စာစုလေးတွေ ရေးဖို့ကို အခု ကျနော် တော်တော်ကို ဂွကျကျဖြစ်ရပါတယ်။ တခြားအကြောင်းတော့ မဟုတ်ပါဘူး။ အရင်တုန်းကတော့ အခုထက်စာရင် အများကြီးအားတော့ ဘာပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခု ရေးမိနေတယ်။ အခုတော့ အလုပ်တာဝန်တွေ များလာတဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်တွေ တော်တော်များများကို စွန့်လွှတ် ထားရသလို ဖြစ်နေပါတယ်။ အခုဆို ကျွန်တော် ဟုတ်တိပတ်တိ စာမရေးဖြစ်တာ တော်တော်ကိုကြာပြီ။ ဝတ္ထုတို့၊ ဆောင်းပါး တို့လို ရသစာပေပိုင်းကို အချိန်ပေး ရေးချင်ပေမယ့် မရေးနိုင်ဘူး။ ကဗျာတွေတောင် နှစ်ပတ် သုံးပတ်နေမှ တစ်ပုဒ်လောက်ပဲ ရေးဖြစ်တော့တယ်။ ကျနော့် ဘလော့ဂ်ဖြစ်တဲ့ “ရသစာပေ အနုပညာ ဘလော့ဂ်” ကိုတောင် “ရသစာမပါ အီးယောင်ဝါး ဘလော့ဂ်” လို့ နာမည်ပြောင်းရင် ကောင်းမလား စဉ်းစားနေရပါပြီ။ ကဲပါ … ရယ်ဖို့ပြုံးဖို့ ဂွတီးဂွကျများ လာဖတ်တဲ့သူတွေ မရယ်ရဘဲ စိတ်ညစ်အောင် လုပ်သလို ဖြစ်နေပါဦးမယ်။ တကယ် ပြောချင်တာက ဒီလိုပါ။ စာတွေ မရေးနိုင်တော့ လက်ကျသွားပြီး အရင်လို ဖတ်လို့ ကောင်းချင်မှ ကောင်းမှာမို့လို့ အားနာလို့ ကြိုတောင်းပန် ထားချင်တာပါ။ တတ်နိုင်သလောက်တော့ ကြိုးစား ထားပါတယ်။ ဖတ်ကြည့်ကြပါဦး။

ဘယ်သူ ကိုယ့်လောက်လှသလဲ

            ဒါကတော့ Mysuboo က အစ်ကိုကြီး တစ်ယောက်၊ သူ့အကြောင်း ဖောက်သည်ချ မလို့ပါ။ သူဖြစ်တဲ့ ဂွကျကျ ကိစ္စက သူ့ကိုယ်သူလည်း သိပုံမပေါ်ဘူး ….. ဖြစ်နေတာ။ ဒီဖက်မှာ သူလုပ်ထားတာကို မြင်နေရတဲ့ သူကသာ အူတွေနာ နေအောင် လှိမ့်ပြီး တစိမ့်စိမ့် ရယ်နေရတာဗျာ။ အင်း … Mysuboo.Com ကို အစပိုင်း ကတည်းက သုံးခဲ့ဖူးတဲ့ Old User တွေ ဆိုရင်တော့ အဲဒီ အစ်ကိုကြီးကို သိပါလိမ့်မယ်။ ကိုရွှေဖုန်းလူ … ပါ။ သူ့ကိစ္စက ဘယ်လို ဂွကျကျလဲ ဆိုတော့ … ကြာတော့ ကြာပါပြီ။ ဟိုလွန်ခဲ့တဲ့ သုံးလလောက်ကပေါ့။ သူက Gtalk ရဲ့ Custom Message မှာ တင်ထားတယ်။ “လင်းတလောက်တော့ ငှက်တိုင်းလှတယ်” တဲ့။ အဲဒီ အထိက ဘာမှမဖြစ်ဘူး။ ဖြစ်တာက အဲဒီစာရဲ့ဘေးမှာ သူ့ပုံကြီး ပြုံးဖြီးဖြီးကြီး တင်ထားတာဗျာ။ ပထမတော့ ကြောင်သွားတယ်။ ဘာတုန်းပေါ့ …. ဘာကို ဆိုလိုချင်တာလဲပေါ့။ သူ့ကိုယ်သူ ပြန်သရော် ထားတာလား … ဘာလားညာလား လျှောက်စဉ်းစား နေသေးတယ်။ နောက်မှ အော် … တင်ချင်တဲ့စာက သပ်သပ်၊ သူ့ပုံတင်ထားတာက သပ်သပ်၊ အဲဒီနှစ်ခု ဆက်စပ်မှု မရှိဘူးဆိုတာပေါ့။ ဒါပေမယ့်လည်းဗျာ …. တွေးကြည့်ကြပါ သူ့ Chat Box အပေါ်ကို Mouse Pointer ထောက်လိုက်ရင် သူ့စာကြီးဖြစ်တဲ့ “လင်းတလောက်တော့ ငှက်တိုင်းလှ” ဘေးမှာ ကပ်လျက် ပြုံးပြုံးကြီး ပေါ်လာတာက သူ့မျက်နှာကြီး ဆိုတော့ မရယ်ချင်ဘဲ နေတော့မလား။ မျက်နှာက ခပ်တည်တည် တင်ထားတာဆိုလဲ တော်သေးတယ်။ သူ့မျက်နှာကြီးကို မလှလှအောင် အတင်းကာရော ပြုံးထားပြီးမှ ဘေးက လင်းတလောက်တော့ ငှက်တိုင်းလှပါတယ် ဆိုတော့ သူကပဲ လင်းတလိုလို … ဘာလိုလို …. တော်တော်ဂွကျတဲ့ လူကြီးပဲဗျာရို့။

Saturday, November 13, 2010

ဟောဒီကဗျာထဲမှာ သေနတ်ကြီးယူပြီး ပစ်ချလိုက်



ဟောဒီကဗျာထဲမှာ သေနတ်ကြီးယူပြီး ပစ်ချလိုက်

နံရံမှာချိတ်ထားတဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုယူပြီး
ဟောဒီကဗျာ/ ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချလိုက်တယ်
ပြန်တွေးကြည့်တော့ လွမ်းစရာကိစ္စတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ခဲ့ပြီ
ကျွန်တော် တကယ်ပဲ ပစ်ထည့်လိုက်တယ် ကျွန်တော် ပစ်ချလိုက်မှရမှာ
အစစ်အမှန် အာ့သ်တွေထည့်ရေးနေတာ
စိတ်ထဲ ဖြိုးဖြိုးဖြောက်ဖြောက်ပေါ်လာသမျှ ဘာသာဗေဒ ရေးထားတာ
ကမ္ဘာပေါ်မှာ လူသားသန်းပေါင်းများစွာ အ အာ အာ့ အား ဘုရားတ တရားကိုတ ဂွ ဂွ ဂွ ဂွ
ချက်ကော့ဗ်ရဲ့ သေနတ်ကြီးယူပြီး ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချင်သလိုပစ်ချလိုက်
သီအိုရီအရ ချိတ်ပေးထားတဲ့ သေနတ်ဟာ ပစ်ဖို့ပဲ အဲဒီသေနတ်ကိုင်ပြီး လုပ်ချင်ရာလုပ်ဖို့ပဲ
အဓိကအရေးကြီးတာက ဖန်တရာမတေတဲ့ Text တွေဖြစ်ဖို့ပဲ ဒါက ကဗျာပဲ
အဲဒီ အ အာ အာ့ အား အဓိပ္ပါယ်တော့ ကျွန်တော်လည်း မသိဘူးဆိုတာပဲ
အဲဒီ သေနတ်ကြီးနဲ့ အခုဖတ်နေတဲ့သူတွေရဲ့ ရင်ဘတ်တည့်တည့်ကို ပစ်ချလိုက်
သူတို့သေသွားလိမ့်မယ် အခုရေးနေပါတယ်ဆိုတဲ့ အေဖိုးစက္ကူစာရွက်ထဲက ကွန်ပျူတာစာစီထားတဲ့
မြန်မာခေတ်ပြိုင်ကဗျာအသစ်ဟာ ဘုရားသခင်ကိုတောင် ပြန်ပြီးသတ်ပစ်လို့/ ဖန်တီးလို့ရတဲ့ လက်နက်ပဲ
ကဗျာလောကဆိုတာ မောင်ချောနွယ်မဟုတ်ဘူး၊ ဇေယျာလင်းမဟုတ်ဘူး၊ ကဗျာလောကဆိုတာ
သေနတ်ကြီးတကားကားပဲ ဟိုချိန်ဒီချိန်ပဲ
ပြန်တွေးကြည့်ရင် လွမ်းစရာ သွားလာစားသောက်မှုတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ရစ်ခဲ့ပြီ
ဟိုလူတွေ ဒီလူတွေ သီအိုရီအဟောင်းကြီးကို သီအိုရီအပျက်ကြီးဖြစ်အောင် လုပ်လို့ရတာတွေ
မကျေနပ်ရင် ဒီကဗျာကို ပစ်ချလိုက်ပါ နံရံမှာ ချိတ်ထားတဲ့ (ထပ်ခါထပ်ခါ သုံးစွဲထားတဲ့) သေနတ်ကြီးနဲ့
ပစ်ထည့်လိုက်ပါ အာ့သ်တွေ တပုံတခေါင်းကြီးပါနေတဲ့ အခုကဗျာလိုလို စကားပြေလိုလို စာပိုဒ်ကြီးကို
ဟော … အခုလှမ်းကြည့်လိုက်တော့ နံရံမှာ ချိတ်ထားတဲ့ သေနတ်ကြီးကို ချက်ကော့ဗ်ပြောခဲ့သလို
မတွေ့တော့ဘူး ဘာပဲဖြစ်ဖြစ်
ဟောဒီကဗျာကြီးတစ်ပုဒ်လုံးရဲ့ တစ်နေရာရာထဲ (ချောင်ကြိုချောင်ကြားပဲဖြစ်ဖြစ်)
နံရံမှာ မရှိတော့ဘူးလို့ ခုနကပြောခဲ့တဲ့ သေနတ်ကြီးကို မရရအောင်ရှာပြီး
ကျွန်တော့်ကိုရော၊ ခင်ဗျားကိုယ်ခင်ဗျားရော၊ ဝန်ကြီးပဒေသရာဇာရော၊ နတ်ရှင်နောင်ရော၊
ရှင်မဟာရဌသာရရော (မဲဇာတောင်ခြေတွေ၊ နှမလက်လျှော့နေလေတော့တွေထဲအထိ လိမ့်ကျသွားအောင်)
အားလုံးကို ထိထိမိမိ ပစ်ချလိုက် ။                  ။
(ဒါနဲ့ စကားမစပ် … ဟောဒီကဗျာဟာ စာလုံးပေါင်းသတ်ပုံ တစ်လုံးမကျန်မှန်မှန်ကန်ကန်ဖြစ်သလို လွန်ခဲ့သော နှစ်တွေထဲ ကျန်ခဲ့တဲ့ လွမ်းစရာကိစ္စတွေဆိုတာ ပြောသွားတာနဲ့ ဘာမှမဆိုင်တဲ့ အပိုသက်သက်အရေးအသားတွေ)


သူရဿဝါ
နိုဝင်ဘာလ ၁၂ ရက် ၊ ၂၀၁၀ ခုနှစ်



FACEBOOK FAN PAGE