Subscribe Twitter FaceBook

Friday, May 13, 2011

အဲဗားလုပ်ဒင် ဆိုက်ဘာကဖေး


“အဲဗားလုပ်ဒင် ဆိုက်ဘာကဖေး”



          တစ်ရံရောအခါ အသက် ခြောက်ဆယ် ပြည့်ပြီး၍ အလုပ်ခွင် ဌာနမှ ပင်စင်ရကာ ဘာမှလည်း မလုပ်တတ် မကိုင်တတ် ခပ်ပြတ်ပြတ် အဘိုးကြီး တစ်ဦးနှင့် အရွယ်တော် မပြိုင်းတပြိုင်း သူ့သမီး အပျိုဟိုင်း တစ်ဦးတို့ ရှိကြလေသည် ဟူ၏။ အဘိုးကြီး အရွယ်ကောင်းစဉ် အခါ စုမိဆောင်းမိ ရှိခဲ့သော အတွင်းအပြင် ပစ္စည်းတို့အား တစ်နေရာရာ ရင်းနှီး မြှုပ်နှံရန် အဟုတ်ကြံ၍ သမီးဖြစ်သူ အပျိုကြီးအား တိုင်ပင်လေရာ အင်တာနက် ဂျီမေး၊ ဂျီတော့ အပီဆော့၍ ဒေါင်းလုပ် အပ်လုပ် တို့ကို အဟုတ်စွဲနေသော သမီးဖြစ်သူမှာ အင်တာနက် ဆိုင်များ ခေတ်ကောင်းသည့် အခါသမယ ဖြစ်သဖြင့် သားအဖ နှစ်ယောက် အင်တာနက် ဆိုင်ထောင်ကာ အဲယားကွန်း အခန်းထဲ အေးအေးလူလူ အလုပ်လုပ်စား ကြလျှင်တော့ သင့်လျော်ပေမည်ဟု အခါတော်ပေး ကောင်းလေရာ ကပျာကယာ အကြံအစည်ဖြင့် အင်တာနက်ဆိုင် တည်ကြလေသည် ဟူသတတ်။
သို့ရာတွင် အင်တာနက်ကို အိမ်သာခွက် လောက်တောင်မှ ထဲထဲဝင်ဝင် မသိကြ ရှာလေသော သားအဖ နှစ်ဦးမှာ ကွန်ပျူတာဝယ်၊ အခန်းငှား၊ အဲယားကွန်းတပ်၊ လိုင်းလျှောက်၊ မီးစက်ဝယ်၊ ဆိုင်အကူ စတက်ဖ်ငှား စသဖြင့် မအားယား နိုင်လောက်အောင် ဦးစွာပထမ ဖတ်ဖတ်မော အလုပ်ရှုပ် ကြရလေ၏။ အလုံးစုံ ပြီးစီး၍ ဆိုင်နာမည် ကင်ပွန်းတပ် ရန်နှင့် ဖွင့်မည့်ရက်သာ ကျန်တော့လေရာ အစကောင်းမှ အနှောင်းသေချာ ဆိုသလို နာမည်ကျော် ဗေဒင်ဆရာ များထံ ချဉ်းကပ်၍ ဆိုင်နာမည် ပေးရန်အကွက်ဖြင့် တွက်ကြ ချက်ကြ ရသေးလေ၏။ လူနာမည်၊ အခြား စီးပွားရေး လုပ်ငန်း နာမည်များသာ ပေးဖူး၍ ခေတ်နှင့်အညီ အင်တာနက်ဆိုင် နာမည်ကို မြန်မာ့ ဗေဒင် နည်းအရ ဘိုအမည် လှလှပပ မပေးတတ်သော ဗေဒင် ဆရာများမှာ ပြည်လုံးချမ်းသာ အင်တာနက်၊ ဒီကိုလာ ဆိုက်ဘာရှော့၊ လျှို့ဝှက်ဆန်းကြယ် ဆိုက်ဘာကဖေး စသဖြင့် ပေးကြလေရာ အဘိုးကြီးက သဘောကျ လှသော်လည်း သမီးအပျိုကြီးမှာ သဘောတွေ့ပုံ မရသဖြင့် လက်လျှော့ ရလေ၏။ ဒါဖြင့် အချို့လုပ်ငန်း များမှာလို မိမိနာမည် ခန့်ခန့်မှတ်၍ ဆိုင်းဘုတ်တပ်မည် ကြံပါသော်လည်း သမီးအပျိုကြီး၏ ငယ်နာမည်၊ ကြီးနာမည် အပြည့်အစုံကြောင့် “တင်တင်ကြီး အင်တာနက်ကဖေး” နာမည် ပေးရန်လည်း မသင့်မြတ်၊ ဆင်ပြောင်ကြီး အမြီးကျမှ ညပ်လေရာ အမြင်မတော်သူ တစ်ဦးက အချွန်နှင့် ဝင်မပေး လိုက်မှသာ ဘိုနာမည်လှလှ ဆိုင်းဘုတ်တင်၍ “အဲဗားလုပ်ဒင် အင်တာနက်” အမည်ထွက် လေ၏။

ဒါတောင် လိုင်းလျှောက်စဉ် အခါ အင်တာနက် စပိဒ် ရွေးကြရာ 512 ဆိုလျှင် အားလုံးပေါင်း ရှစ်ဂဏန်း ဖြစ်၍ တရုတ် အယူအရ မကောင်း၊ 256 ဆိုပြန်လျှင် ဂဏန်းပေါင်းက ၁၃ ဂဏန်းဖြစ်၍ လပ်ကီး မကောင်း၊ 128 ယူမှသာ အားလုံးပေါင်း ၁၁ ဖြစ်၍ ဆယ့်တစ်မီး ငြိမ်းသည်ဟု အဘိုးကြီး အယူရှိ၍ 128 စပိဒ်ကို ယူမည် လုပ်သေးသဖြင့် အနီးအနား အပြိုင် အင်တာနက် ဆိုင်များနှင့် ယှဉ်လျှင် ခေတ်သစ် ယုန်နှင့်လိပ် အပြေးပြိုင် သလိုပင် ဖြစ်တော့မည်ဟု မနည်းကြီး ဖြောင့်ဖျပြောဆို ရသေးသည် ဟူ၏။ ဈေးသုံးလည်း မကြွယ်ချင်၊ ရှေးထုံးလည်း မပယ်ချင်သော အဘိုးကြီးမှာ ဆိုင်နာမည် စိတ်ကြိုက် မပေးရ၊ ဆယ့်တစ်မီး မငြိမ်းရ သဖြင့် ဒီတစ်ခါတော့ ငါ့အကြိုက် လိုက်ရမည်ဟု အကြပ်ကိုင် သဖြင့် မတတ်သာသော သမီးမှာ စီးပွားလာဘ်လာဘ တိုးတက်စေရန် ဆိုင်မဖွင့်ခင် ရှေ့တစ်ရက် အဘိုးကြီး ရွှေစိတ်တော် အေးဖို့ နတ်ကနား ပေးရသေး၏။
ဆိုင်ဖွင့်သည့် နံနက် နေထွက်သည်နှင့် ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် ဆိုင်ရှေ့ လာရပ်သမျှ ကြီးကြီးငယ်ငယ် အသွယ်သွယ်ကို ဆိုင်ထဲ အတင်း ဆွဲသွင်း၍ တစ်နာရီတိတိ အင်တာနက် ဖရီးပေးသုံး လေသည်။ အလကား တစ်နာရီ မပြည့်မချင်း ဆိုင်ထဲ လူပြည့်တင်း သည်ကို မြင်သည်မှ အဘိုးကြီးလည်း ကွမ်းတမြုံ့မြုံ့ဖြင့် မိန့်မိန့်ကြီး ထိုင်နိုင်လေ၏။ သို့သော်လည်း တစ်နာရီပြည့်၍ အလကား သုံးသူများ လွတ်ရာကျွတ်ရာ ပြန်ကြသည်တွင် ဆိုင်ထဲ လူရှင်း၍ အဘိုးကြီးနှင့် သမီး အပျိုကြီး နှစ်ဦးတည်း ကျီးနှင့် ဖုတ်ဖုတ်သာ ကျန်တော့လေရာ “အလကား ပေးသုံးလိုက်ရတဲ့ အလကား လူတွေ ပြန်ကုန်ပြီ” ဟု အဘိုးကြီး မကျေမနပ် မြည်တွန်လေ၏။ ၄င်းတို့ အင်တာနက် ဆိုင်ဖွင့်ရာ နေရာကောင်း လမ်းကြားလေး ထဲတွင်ကား ခွေးနှင့် ကလေး နှစ်မျိုးသာ လောက်လောက်လားလား ရှိသဖြင့် အင်တာနက် ဆိုသည်အား ခွေးကလည်း ကိုက်စရာ အရိုးလောက်မှ စိတ်မဝင်စား၊ ကလေးကလည်း ဂေါ်လီပစ် ကစားနည်း လောက်တောင် အရေးမလုပ် တစ်နေကုန် ငုတ်တုတ် ထိုင်ကြရလေ၏။
ညနေစောင်း ရောက်တော့မှ ဘယ်က ဘယ်လို လမ်းမှား လာသည်မသိ ကာစတန်မာ တစ်ယောက် ဆိုင်ထဲ ပေါက်ချ လာလေ၏။ အဘိုးကြီး မှာလည်း ဘာမှမသိ၊ ဆိုင်ရှင် သမီး အပျိုကြီး မှာလည်း သူချက်ချင်တာ အကြောင်းပြု၍ ဆိုင်တစ်ခု တည်သဖြင့် ကာစတန်မာလည်း ကြိုက်သလိုချက်၊ သူလည်း လှည့်မကြည့် စတမ်း ကြိုက်သလိုချက် စနစ်ဖြင့် ကောင်းကောင်းကြီး ဆားဗစ် ပေးလေ၏။ အင်တာနက် ကျွမ်းကျင် ကာစတန်မာ မှာလည်း ဘယ်ဖက် လက်ညှိုး၊ ညာဖက် လက်ညှိုး ကီးဘုတ်ပေါ် နှစ်ချောင်းပြိုင် ထိုးနည်းတစ်ဖုံ၊ ခေါင်းကုတ် ဖင်ကုတ် လုပ်၍တစ်မျိုး တစ်နာရီဖိုးလောက် အလုပ်ရှုပ် ပြီးသည်၌ ကတိုက်ကရိုက် ပိုက်ဆံရှင်း၍ အတင်းလစ် လေတော့၏။ တစ်နာရီစာ အင်တာနက်ဖိုး လေးရာကျပ် ဈေးဦးပေါက် သွားပြီဖြစ်သော အဘိုးကြီးမှာ ဝမ်းသာအားရ ဈေးဦးပေါက် လာဘ်လာဘ အလို့ငှာ နှစ်ရာတန် နှစ်ရွက်အား အလျားလိုက် ဖြန့်ကာ ဆာဗာ (သူ့အခေါ် ဆာလဖာ) မော်နီတာအား ကွမ်းယာဆိုင်မှ ဈေးသည်မကြီးလို တဖြန်းဖြန်း ရိုက်၍ လာဘ်ခေါ်လေ၏။
သို့ဖြင့် ညနေစောင်း ဈေးဦးပေါက် မှစ၍ ဂိမ်းဆိုင်နှင့် မှားဝင်သော ကလေးနှစ်ကောင် တစ်ကြိမ်၊ အလှူခံ တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ် ရှိသည်တွင် တပိန်ပိန် တလိမ်လိမ်ဖြင့် ဆိုင်ပိတ်ချိန် ရောက်သည်ဖြစ်၍ တစ်ဆိုင်လုံးကို တစ်ယောက်တည်း ဒိုင်ခံထိုင်ချက်နေသော သမီးဖြစ်သူ အပျိုကြီးအား ဂုတ်မှ အတင်းဆွဲ၍ ဆိုင်ပိတ်ကာ “အဲဗားလုပ်ဒင်” အင်တာနက်၏ ဆိုင်ဖွင့်ပွဲရက်အား ငွေလေးရာတိတိပိုက်၍ ခပ်ငိုက်ငိုက် ခြေလှမ်းတို့ဖြင့် ဆိုင်ပိုင်ရှင် သားအဖနှစ်ဦး အိမ်ပြန်ခြင်းဖြင့် ပြီးဆုံးစေရလေသောဟူ၏။


သူရဿဝါ
မေလ  ၁၃ ရက် ၊ ၂၀၁၁ ခုနှစ်


(အထက်ဖော်ပြပါ ဆောင်းပါးကို Net Guide Journal, Volume 1, Issue 82 တွင် “သူရဿဝါနှင့် ဆိုက်ဘာကဖေး” အမည်ဖြင့် ပုံနှိပ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်)

0 ဦး မှတ်ချက်(များ) ပေးခဲ့:

FACEBOOK FAN PAGE