“အလိုင်နီကျောင်း ကလေးများ ရန်ကုန်ခရီးစဉ် တစ်နေ့တာမှတ်တမ်း”
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁.၅.၂၀၁၁) မှာ ကျွန်တော်တို့ Mysuboo Fanclub က စာသင်ကျောင်း ဆောက်ပေး ထားခဲ့တဲ့ ပဲခူးတိုင်း၊ အင်းတကော် မြို့နယ်၊ အလိုင်နီဆည်၊ အောင်သိဒ္ဓိ ကျောင်းက ကျောင်းသား လေးတွေကို အင်းတကော်၊ အလိုင်နီ ကျေးရွာကနေ ရန်ကုန်ကို ခေါ်ယူပြီး ရန်ကုန်မြို့တွင်း လေ့လာရေး ခရီးစဉ် တစ်ခု ပို့ဆောင် ပေးတဲ့ အစီအစဉ် တစ်ခု ရှိခဲ့ပါတယ်။ စုစုပေါင်း ကလေး ၂၅၅ ယောက်နဲ့ ရွာသူရွာသား အချို့၊ စုစုပေါင်း လူဦးရေ ၃၀၀ ကျော်အတွက် ကားကြီး ၃ စီး စီစဉ် ပေးခဲ့ရတယ်။
ကလေးတွေ ရောက်လာမယ့် ၁ ရက်နေ့ မနက်မှာ ကျွန်တော်နဲ့ ကိုစိုင်းနောင် (ကိုလိန်)တို့ ကလေး တွေကို ထောက်ကြံ့ လမ်းဆုံမှာ သွားကြိုဖို့ လှည်းတန်းကနေ မနက် အစောကြီး ထွက်ခဲ့ကြ ပါတယ်။ ကလေးတွေ အလိုင်နီ ကျောင်းကနေ မနက် ၇ နာရီ ထွက်လာမယ် ဆိုတဲ့အတွက် ကျွန်တော်နဲ့ ကိုစိုင်းနောင်တို့ ထောက်ကြံ့ကို ၇ နာရီကျော်လောက် ရောက်ကြပါတယ်။ ၆ နာရီလောက် ကတည်းက ရန်ကုန်ကနေ ကားစီး လာရလို့ ဗိုက်ကလည်း ဆာတာနဲ့ ကလေးတွေကို စောင့်ရင်း လက်ဖက်ရည်သောက်၊ မုန့်စား ကြပါသေးတယ်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်က ထပြီး ခဏနေတော့ ကလေးတွေ အတွက် အအေးလှူမယ့် Mutd Fan နဲ့ White Kindness Organization ကိုယ်စားလှယ် ကိုထက်အောင် ရောက်လာပါတယ်။ ကားက ၈ နာရီ ထိုးခါနီး လောက်မှာ ထောက်ကြံ့ ရောက်မယ်ဆိုပြီး လမ်းလယ် ပလက်ဖောင်းပေါ်မှာ သုံးယောက်သား စကားပြောရင်း စောင့်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ စုဘူးဖန်ကလပ်က ကားတွေနဲ့ သိပ်အကျိုးပေးပါတယ်။ Donation တစ်ခုခု သွားဖို့ ကားငှားလိုက်တိုင်း ပြဿနာ တစ်ခုမဟုတ် တစ်ခု အမြဲတမ်း ဖြစ်တယ်ဗျာ။ ၈ နာရီ ကျော်တဲ့အထိ ကားတွေ ရောက်မလာ၊ အဆက်အသွယ် မရတော့ အဲဒါကို ကျွန်တော်တို့ ကိုစိုင်းနောင်တို့ စိတ်တထင့်ထင့် ဖြစ်ရပါတယ်။ အသေအချာပါပဲ … ဒီတစ်ခါလည်း အဲဒီစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင် လိုက်ပါတယ်။ ၉ နာရီ ကျော်တဲ့အထိ ကားတွေ ရောက်မလာပါဘူး။ ကျွန်တော်တို့ သုံးယောက်သား ခေါင်းခဲရပါတယ်။ ဒီတစ်နေ့တာ ကလေးတွေနဲ့ အဖော်လုပ် ပေးမယ့် စေတနာရှင် Volunteer များလည်း မနက် ၈း၃၀ ကတည်းက ဘုရားမှာ စောင့်နေ ကြပါပြီ။ အဲဒါနဲ့ ဒီဖက်က အခက်အခဲကို ဘုရားမှာ ကြိုရောက်နေတဲ့ သူတွေဆီ လှမ်းပြီး သတင်းပို့ ထားရပါတယ်။ မြွေပူရာ ကင်းမှောင့် … အဲဒီအချိန်မှာ ကိုစိုင်းနောင်ရဲ့ ဖုန်းကလဲ Battery Low နေပါပြီ။
ကိုးနာရီခွဲခါနီး လောက်ကျမှ ကားတွေဆီက ဖုန်းဆက်လို့ အဆက်အသွယ် ရပါတယ်။ လမ်းမှာ တံတား တစ်စင်းမှာ အသွားအလာ ပြဿနာ တစ်ခုကြောင့် အဲဒီလမ်းက လာလို့မရဘဲ ပြန်လှည့်ရမယ့် အခြေအနေပါ။ နောက်ထပ် တစ်နာရီ၊ နှစ်နာရီလောက် ကျွန်တော်တို့ ထပ်စောင့်ရ ပါတော့မယ်။ ကောင်းမှု တစ်ခုခု လုပ်ခါနီးရင် အနှောင့်အယှက် တွေ့တတ်တယ် ဆိုတာ အမှန်ပဲ။ ကျွန်တော်တို့ တွေးစရာ အတော်များ သွားပါတယ်။ ရန်ကုန် ရောက်တာ နောက်ကျရင် ဘုရားမှာ စောင့်နေမယ့် Volunteer တွေ၊ အလှူရှင်တွေ စောင့်နေရမယ့် အချိန်ကို တွက်ပြီး အားနာရတာက တစ်မျိုး၊ ကလေးတွေ သွားဖို့လာဖို့ အချိန်နည်း သွားမှာကို စိုးရိမ်တာ တစ်မျိုးနဲ့ ကျွန်တော်တို့ နေမထိ ထိုင်မသာ ဖြစ်ကြပါတယ်။ စိတ်ဖြောင့်ဖြောင့် ထိုင်မစောင့်နိုင် တော့ပါဘူး။ ဒီလိုနဲ့ပဲ ၁၁ နာရီ ထိုးသွားပါတယ်။ အဲဒီအချိန်ကျမှ ကလေးတွေကို တင်လာမယ့် ကားတွေက ဆက်သွယ်မှု ဧရိယာထဲ ပြန်ရောက် လာပါတယ်။ ကလေးတွေကို အလိုင်နီ ကျောင်းမှာ တင်နေပါပြီတဲ့။ ကျွန်တော်တို့ အချိန် ထပ်တွက် ရပါတယ်။ ဒီအတိုင်းဆို ကျွန်တော်တို့ စောင့်နေတဲ့ ထောက်ကြံ့ လမ်းဆုံကို ၁၂ လောက်မှ သူတို့ ရောက်တော့မယ်။
မအီမသာနဲ့ ကျွန်တော်တို့ ပလက်ဖောင်းမှာ ငုတ်တုတ် ဆက်စောင့် ရပါတယ်။ မနက် ၇ နာရီကျော် ကတည်းက ပလက်ဖောင်းပေါ် ထိုင်လိုက်၊ ဟိုဖက်လျှောက် ဒီဖက်လျှောက် ဖုန်းပြောလိုက်၊ ခေါင်းတွေခါလိုက် လုပ်နေတဲ့ ကျွန်တော်တို့ သုံးယောက်ကို ပတ်ဝန်းကျင် ကလည်း ကွက်ကြည့် ကွက်ကြည့် လုပ်နေပါပြီ။ အဲဒီ အချိန်မှာ မိုးကလည်း စရွာလာပါတယ်။ သွားပြီ … တစ်မျိုးပြီး တစ်မျိုး ဖြစ်နေတော့တာပဲ။ မိုးဒီထက် သည်းလာရင် ကလေးတွေ အသွားအလာ ဒုက္ခရောက်မှာ စိုးလို့ မိုးကြီး သည်းမလာ ပါစေနဲ့ ဆုတောင်း ရတာလည်း အမောပါ။ ၁၂ ခွဲလောက်မှာ ကားတွေ ရောက်လာပါတယ်။ အဲဒီတော့မှ သက်ပြင်းကြီး ချနိုင်ပြီး ရန်ကုန်ကို အမြန်ဆုံး ဒုန်းစိုင်းခဲ့ ကြပါတယ်။ ဒါတောင် လမ်းမှာ ဆီဖြည့်တာနဲ့၊ မီးပွိုင့်တွေ မိတာနဲ့ ၁ နာရီခွဲမှ သတ်မှတ် နေရာကို ရောက်ပါတယ်။ ကလေးတွေ ကတော့ ဘာမှ မတွေးဘဲ ပျော်နေကြ တာပါပဲ။ ရွှေဂုံတိုင် ရောက်တော့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတို့၊ Excel Treasure Tower အဆောက်အဦး အကြီးကြီးတွေ တွေ့တော့ သူတို့မှာ ပါးစပ် အဟောင်းသား၊ “တိုက်ကြီးတွေ အမြင့်ကြီးပဲ” တဖွဖွ ပြောနေတဲ့ သူတို့ကို ကြည့်ပြီး သနားမိပါတယ်။