“ဆြာသူရဿဝါ၏ အိုင်တီတဲရော့ အချစ်ဗေဒင်ဟောစာတမ်းကြီး”
ကျွန်ုပ် ဗေဒကဝိ ပညာရှိ ဆြာသူရဿဝါ သည်ကား အမျိုးမျိုး အစုံစုံ အဖုံဖုံသော ဗေဒင်တွက်နည်း များဖြင့် တွက်ချက် သမှု ပြုရခြင်း အလုပ်တွင် ငြီးငွေ့လာသည် ဖြစ်သည်နှင့် အညီ နိုင်ငံရပ်ခြား သိုးဆောင်းသားတို့ ဗေဒင် ကဝိ တွက်ချက် ဘိသည့် ဖဲချပ်အလား တဲရော့ကဒ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင်ဖန်တီး အသုံးပြုရန် အလို့ငှာ စိတ်အကြံ ရလေသည်။ အထူးသဖြင့် Net Guide ဂျာနယ်၏ စာဖတ် ပရိသတ်များ ဖတ်ရှု လေ့လာ ကြမည် ဖြစ်သဖြင့် ခေတ်မှီ ဆန်းပြားစွာသော အိုင်တီ တဲရော့ကဒ်များ အနေဖြင့် အထူးတလည် ဟောကြား လိုက်ရပေသည်။ ချစ်စွာသော စာဖတ်သူတို့ အနေနှင့် Your Freedom, Hacker, Touch Screen, CD-DVD Rom, Virus, UPS, Connection ဟူသော ကဒ်ကြီး ၇ ချပ်ကို ယူငင်ကိုင်ဆကာ မျက်လုံးမှိတ် နံကြားထောက်ပြီး အံကြိတ်၍ အိုင်တီ တဲရော့ကဒ် တစ်ကဒ်ကို ရွေးချယ် ပါလေ။
သင်ရွေးချယ်မိသော ကဒ်မှာ Your Freedom ဖြစ်သည် ရှိအံ့။ ၄င်း Your Freedom သည် ပိတ်ထားသော .. ဖွင့်မရသော Website များကို ဖွင့်ရန် အလို့ငှာ ကျော်သည့် ခွသည့် အဓိပ္ပါယ်ကို ဆောင်လေသဖြင့် သင့်အား သူငယ် နှပ်စား သဖွယ် သဘောထားကာ အမျိုးစုံ ကြိုးခုန်မည့် ချစ်သူရည်းစားမျိုးနှင့် ဆုံရမည် ဟူသော ဟောကိန့်း ထွက်လေ၏။ သင့်အား ဘက်ဖက်က လှိမ့်လိုက်၊ ညာဖက်က ပတ်လိုက်နှင့် အလွန့်အလွန် ဥာဏ်နီ ဥာဏ်နက် များမည် ဖြစ်လေရာ သင့်အနေနှင့် သတိကြီးကြီး ထား၍ ဆက်ဆံရမည် ဖြစ်သော ဟူ၏။
သင်ရွေးချယ်မိသော ကဒ်မှာ Hacker ဖြစ်သည် ရှိအံ့။ ၄င်းသည် သင်တို့ သိထားပြီး ဖြစ်သည့်အတိုင်း ခိုးယူ ဖောက်ထွင်းခြင်း သဘောကို ဆောင်လေ သဖြင့် သင်သည် ကောင်းကောင်းကြီး အနှပ်ခံရပေအံ့။ သင်၏ ချစ်သူ ဖြစ်လာ လတ္တံ့သော ကြင်ဖော်သည် သင့်အား ညာတာပါတေး မလိမ့်တပတ်ဖြင့် သင်၏ ရှိရှိသမျှ အိတ်ကတ်များ အတွင်းမှ အဖိုးတန် ပစ္စည်းများအား Hacking လုပ်ချေမည် ဖြစ်လေရာ သင့်အနေနှင့် လက်ထိပ်တစ်ကွင်း အဆင်သင့် ဆောင်ထား၍ ၄င်းအား ဆက်ဆံပေါင်းသင်း ရမည်ဖြစ်သည်ဟု အဟောထွက်၏။
သင်ရွေးချယ်မိသော ကဒ်မှာ Touch Screen ဖြစ်သည် ရှိအံ့။ Touch Screen တို့၏ သဘော သဘာဝမှာ နှိပ်စရာ ခလုပ် မပါရှိဘဲ လက်မ သို့မဟုတ် လက်ညှိုးတို့ဖြင့် ပွတ်မှသာ အလုပ် လုပ်သည် ဖြစ်သဖြင့် သင်ကြုံတွေ့ရမည့် ချစ်သူ ရည်းစားမှာ နှိပ်စရာ ခလုပ် မပါရှိဘဲ လက်မ လက်ညှိုးတို့ဖြင့် ပွတ်မှသာ အလုပ် လုပ်သည် ဖြစ်သဖြင့် … (အလို .. ဘယ်လိုကြီး ပါလိမ့် … ပြန်ပြင် ဟောမှပဲ) သင်ကြုံတွေ့ရမည့် ချစ်သူ ရည်းစားမှာ သင့်အနားတွင် ပွတ်သီးပွတ်သတ်ဖြင့် ကြောင်လေး တစ်ကောင်ကဲ့သို့ ချွဲနွဲ့နေထိုင် ရသည်ကို နှစ်သက်သူ ဖြစ်ပေ၏။ သင်၏ ကြင်နာ ယုယမှုကို သဘောကျ၍ သင့်အား အလွန်တရာ ချစ်ခင်သူ ဖြစ်မည် ဆိုသော်လည်း သင်သည် အလွန်တရာ အလုပ်ရှုပ်မည့် အရေးပင် ဖြစ်သည်ဟု ကြိုတင်၍ သတိပေး ရပေသည်။



