Subscribe Twitter FaceBook

Thursday, March 29, 2012

သူရဿဝါနှင့်မသိခြင်းဒုက္ခ (၃)



သူရဿဝါနှင့်မသိခြင်းဒုက္ခ (၃)

             မောင်ဝါဝါက ရုံးသမား ဆိုတော့ တနင်္လာမှ သောကြာထိ မနက်ကနေ ညနေတိုင် နေ့စဉ် ရုံးတက် ရုံးဆင်း လုပ်ရသည်။ စနေကျတော့ နေ့တစ်ဝက် ရုံးတက်ပြီး ကျန်သည့် နေ့တစ်ဝက်မှာ ကိုယ်ဝါသနာ ပါသော စာပေ အနုပညာ ရေးရာ ကိစ္စလေးတွေကို သူငယ်ချင်း စာသမား ပေသမား များနှင့် စုပေါင်း၍ လုပ်ဖြစ်သည်။ ဒီတော့ စနေနေ့ ညပိုင်းနှင့် တနင်္ဂနွေ နေ့လောက်သာ မောင်ဝါဝါမှာ စိတ်အေးလက်အေး နားရသည်။ စနေနှင့် တနင်္ဂနွေ ညပိုင်း အချိန်လေး များတွင် မောင်ဝါဝါ တစ်ယောက် ဘောလုံးပွဲလေး ကြည့်လျှင်ကြည့်၊ မကြည့်လျှင် ဘောလုံးဂိမ်း ဆော့ ဆိုတော့ ဟောလီးဒေး ဆိုလျှင် မောင်ဝါဝါမှာ ဘောနှင့် နပန်းလုံး နေတတ်သည်။
            ယခု ဒီတစ်ပတ် စနေနေ့လည်း ဒီလိုပဲ။ မောင်ဝါဝါ နေ့တစ်ဝက် ရုံးတက်ပြီး ညနေပိုင်း ဆောင်းပါးများကို မိတ္တူ သွားဆွဲကာ အထပ်လိုက် ပုခုံးပေါ် ထမ်း၍ စာပေတာဝန်ကို လေးလေးပင်ပင် ထမ်းဆောင်ပြီးနောက် အနည်းငယ် မိုးချုပ်မှ အိမ်ပြန်ရောက် လေ၏။ ခဏလောက် အနားယူ ပြီးနောက် စာလေး ဘာလေး အနည်းငယ် ရေးပြီးနောက် မောင်ဝါဝါ ဂိမ်းဆော့ လေ၏။ မောင်ဝါဝါ ဆော့သော ဂိမ်းမှာ PES ဟု အတိုကောက် ခေါ်ကြသော ဘောလုံးဂိမ်း ဖြစ်၏။ အပြင် ဘောလုံး လောကလိုပဲ … ဘောလုံး ပွဲတွေ ကန်လိုက်၊ လူတွေ ဝယ်လိုက်၊ လူတွေ ရောင်းလိုက်နှင့် မောင်ဝါဝါမှာ ဂိမ်းထဲတွင် ကောင်းကောင်းကြီး လူကုန်ကူးကာ ဟန်ကျ၍ နေလေ၏။
            အနည်းငယ် ညဥ့်နက်တော့ အမ်-မာ-တီ-ဗွီ-ဖိုးမှ အင်္ဂလိပ် အက်ဖ်အေ ဖလား ဘောလုံးပွဲ လွှင့်သည်နှင့် တိုး၏။ ကွာတား ဖိုင်နယ် ပွဲဆိုတော့ အကြိတ်အနယ်တော့ ရှိလိမ့်မည်။ ကန်မည့် နှစ်သင်းက ပရီးမီယား လိဂ်နှစ်သင်း ဖြစ်သည့် တော့တမ်ဟမ် ဟော့စပါးနှင့် ဘော်လ်တန်။ တိုက်ဆိုင်တာက ဂိမ်းထဲမှာ မောင်ဝါဝါ ယူ၍ ကန်နေသော အသင်းကလည်း ဘော်လ်တန်ပဲ။ မောင်ဝါဝါ အလုပ်နှစ်လုပ် တစ်ပြိုင်တည်း လုပ်လေ၏။ ဂိမ်းလေး ဆော့လိုက်၊ ဘောလုံးပွဲလေး ကြည့်လိုက်ပေါ့။ ပွဲကလည်း တကယ့် အကြိတ်အနယ် ပါပဲ။ ပထမပိုင်း ပြီးခါနီးထိ အပြန်အလှန် တစ်ဂိုးစီ သွင်းရင်း သရေကျ နေ၏။ ပထမပိုင်း ပြီးခါနီး တီဗွီကို လှမ်းကြည့်တော့ ဘော်လ်တန်မှ ကစားသမား တစ်ယောက် လဲကျ သွား၍ ဘောလုံး သမားတွေရော၊ ဆေးကုသရေး အဖွဲ့တွေရော ဝိုင်းလာတာ တွေ့လိုက်သည်။ မောင်ဝါဝါ စိတ်ထဲ ပေါ့ပေါ့ပဲ … တစ်ချက် ကြည့်ပြီး ဂိမ်းကို ဆက်ကစား နေလိုက်၏။ ဟုတ်သလေ … ဘောလုံးပွဲမှာ ကစားသမားတွေ ဘောကန်ရင်း ဒဏ်ရာ ရတယ် ဆိုတာ အဆန်းမှ မဟုတ်ဘဲ။
            ဒါပေမယ့် ခဏနေတော့ ဆန်းလာ၏။ တော်တော်နှင့် ဘောလုံး ဆက်မကန် ... ပွဲက ရပ်နေ၏။ ဒါနှင့် မောင်ဝါဝါ တီဗွီကို ကြည့်လိုက်တော့ ခုနက လဲကျသော ဘော်လ်တန် ကစားသမားကို ထမ်းစင်နှင့် သယ်ထုတ် သွားပြီ။ ဘောပွဲ ကြေငြာသူ ပြောတာ ကြားတော့မှ ရင်ထဲ ထိတ်ခနဲ။ “အရင်ကလည်း ကင်မရွန်းက ဗီဗီယံဖိုးဟာ အခု မူအမ်ဘာ (Muamba) လိုပဲ ဘောလုံး ကစားရင်း နှလုံးခုန်ရပ်ပြီး ကွင်းထဲမှာ လဲကျ သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်” တဲ့။ ဟင် … မူအမ်ဘာ သေသွားပြီ။ ဘောလုံး ကစားရင်း ကွင်းထဲမှာ နှလုံးခုန် ရပ်သွားတာ တဲ့လား။ ဒိုင်လူကြီးက ပွဲကို ဖျက်သိမ်း လိုက်သည်။ မောင်ဝါဝါ့ အထင် သေချာ သွားပြီ။ သူ … သေဆုံး သွားခဲ့ပြီ။ အဲဒီ မူအမ်ဘာ ဆိုတဲ့ ကစားသမား လေးဟာ အခုမှ အသက် (၂၃) နှစ်သာ ရှိသေးသည်။ ဘောလုံး သမား တစ်ဦး၏ ဘဝမှာ အကောင်းဆုံး အချိန်ကို ရောက်လာဖို့ နှစ်အနည်းငယ်သာ လိုတော့သည့် အချိန်။ နောက်ပြီး ဒီကစားသမား လေးသည် မောင်ဝါဝါ၏ ဂိမ်းထဲရှိ အသင်းမှ ကစားသမားလေး။ တုန်လှုပ် ထိတ်လန့် စွာဖြင့် မောင်ဝါဝါ ဂိမ်းထဲမှ မူအမ်ဘာ၏ ပရိုဖိုင်ကို ဝင်ကြည့် နေမိသည်။ ရင်ထဲမှာ ဘယ်လိုမှ မကောင်း။
            ကိုယ်နှင့် အပြင်မှာ ခင်မင် ရင်းနှီးသူ မဟုတ်သော်လည်း၊ သူ၏ သေဆုံးမှုသည် ကိုယ်နှင့် တစ်စုံတရာ ပတ်သက် လာနိုင်စရာ အကြောင်း မရှိသော်လည်း လူသားချင်း စာနာစိတ်ဖြင့် မောင်ဝါဝါ တိတ်ဆိတ် ဆွံ့အ နေခဲ့သည်။ သေခြင်း တရားကို ကိုယ်တိုင် ရင်ဆိုင်ရခြင်း မဟုတ်သော်လည်း၊ ကိုယ့်ဘေးနားမှာ လာရောက် သေဆုံးခြင်း မဟုတ်သော်လည်း သူ၏ အဖြစ်အပျက်ကို မောင်ဝါဝါက အချိန်နှင့် တပြေးညီ သိရှိလိုက်ရခြင်း ဖြစ်သည်။ သူ့နေရာမှာ ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်း တစ်ယောက်သာ ဖြစ်မယ်ဆို ဘယ်လို ခံစားရမလဲ၊ နောက်ဆုံး .. သူ့ရဲ့ နေရာမှာ မောင်ဝါဝါ ကိုယ်တိုင် ဖြစ်နေတာ ဆိုလျှင်ရော နောက်ဆုံး အချိန်မှာ ဘာတွေကို ကယောင်ကတမ်း တွေးမိမလဲ၊ သေဆုံး မသွားဖို့ရာ လက်ကျန် မိနစ် အနည်းငယ်မှာ ဝင်သက်ကို ကောက်ရိုးမျှင် ကလေးမှာ တွဲလွဲ ခိုထားရသလို ခက်ခက်ခဲခဲ ဖမ်းဆုပ် နေရမည်လား။ တီဗွီထဲမှ တဆင့် ထိုပွဲကို လာရောက် ကြည့်ရှုသည့် ပရိသတ် ထောင် သောင်းပေါင်း များစွာက လူငယ် ကစားသမားလေး မူအမ်ဘာအား စာနာမှုဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြု လက်ခုပ်တီး၍ နေကြသည်ကို မြင်ရ၏။
            နဂိုကမှ နှလုံးသား နုသော၊ ခံစားလွယ်သော မောင်ဝါဝါမှာ မျက်ရည်ပင် ဝဲ၍ လာလေ၏။ ဂိမ်းလည်း ဆက်မဆော့ နိုင်တော့၊ ဆော့ချင်စိတ်လည်း မရှိတော့။ မျက်လုံးထဲမှာ သူ့ကို နောက်ဆုံး မြင်လိုက်ရသည့် ထမ်းစင်နှင့် သယ်ထုတ် သွားသည့် အချိန်ကိုပဲ မြင်ယောင် နေမိသည်။ ည တစ်နာရီ လောက်တောင် ဖြစ်နေပြီ ထင်သည်။ သို့သော်လည်း မောင်ဝါဝါ အိပ်ချင်စိတ် မရှိ။ စိတ်ထဲမှာ နာကျင် ကြေကွဲမှုက ကြီးစိုး၍ နေသည်။ ဒါနဲ့ပဲ စိတ်ထဲမှ အစိုင်အခဲကို ဖြေဖျောက် နိုင်ရန် လည်းကောင်း၊ မူအမ်ဘာ၏ နောက်ဆုံး ခရီးကို နှုတ်ဆက်သည့် သဘောနှင့် လည်းကောင်း … “မူအမ်ဘာ” ဟူ၍ ခေါင်းစဉ်တပ်ကာ အမှတ်တရ ကဗျာတစ်ပုဒ် ရေးနေမိ၏။ အတော်ကို ဈာန်ဝင်၍ ရေးသည့် ကဗျာ ဖြစ်သဖြင့် ရေးပြီးသည့် အချိန်မှာ ကဗျာကို တစ်ခေါက် ပြန်ဖတ်၍ မောင်ဝါဝါ မျက်ရည်တွေ ဝဲလာပြန်၏။ ထိုညက တော်တော်နှင့် အိပ်မပျော်။
            နောက်နေ့ တနင်္ဂနွေ နေ့မှာ ဘယ်လိုမှ အချိန်မရ၍ အွန်လိုင်း မတက်နိုင် သဖြင့် မူအမ်ဘာ၏ သတင်းကို ရှာ၍ မဖတ်နိုင် သော်လည်း မောင်ဝါဝါ၏ စိတ်ထဲမှ မူအမ်ဘာသည် ဘယ်လိုမှ ပျောက်ကွယ် မသွား။ တနင်္လာနေ့ မနက်ပိုင်း ရုံးရောက်တော့ မောင်ဝါဝါ ဘာကိုမှ ဦးစား မပေးနိုင်။ ကွန်ပျူတာကို အမြန်ဖွင့်၍ Google Search Engine ထဲတွင် Muamba ဟု ရိုက်၍ ရှာမိသည်။ တွေ့ပါပြီ … သတင်းကို။ အင်္ဂလိပ်လို ရေးထားတာကို ဘာသာပြန်၍ ဖတ်ကြည့်တော့။ “မူအမ်ဘာ အခြေအနေမှာ စိတ်ချရခြင်း မရှိသေး … ယခုထိ ဆေးရုံပေါ်မှာ အရေးပေါ် ကုသမှု လုပ်နေ” တဲ့။ ဟား … ဒါဖြင့် သူ မသေ သေးဘူးပေါ့။ ထိုသတင်းကို သိပြီးသည့်နောက် မောင်ဝါဝါ့ စိတ်ထဲမှာ ဘာကိုမှန်း မသိဘဲ တစ်ခုခုကို အလိုမကျ ဖြစ်ကာ မျက်မှောင်ကျုံ့၍ နေ၏။ နေ့လည်လောက် ကျတော့ မူအမ်ဘာနှင့် ပတ်သက်သည့် နောက်ဆုံး သတင်း တက်လာသည်။ “မူအမ်ဘာ၏ အခြေအနေမှာ စိတ်ချရသည့် အခြေအနေသို့ ရောက်ရှိပြီဟု ဆရာဝန်များ အတည်ပြု” တဲ့။
            မောင်ဝါဝါ ယမ်းပုံမီးကျ ဒေါသ ပေါက်ကွဲလေသည်။ တောက် ! နှလုံးခုန် ရပ်သွားပြီ ဆိုလို့ သေပြီ မှတ်တာ။ မောင်ဝါဝါ ရေးထားသော အမှတ်တရ “မူအမ်ဘာ” ကဗျာလေးကို ထုတ်ကြည့် မိ၏။ ကဗျာထဲမှာ သူ၏ သေဆုံးခြင်းကို စာနာ ခံစား၍ တင်စား ရေးသားထားသော အလင်္ကာ စာသားတွေက …
            “ည မိုးမချုပ်တော့ဘူး၊ လေမတိုက်တော့ဘူး၊ ကမ္ဘာလည်သလို သံသရာလည်း လည်နေတာပဲ” တို့
            “အခန်းထောင့်ထဲ အမှောင်ရိပ် ထိုးကျလာသလိုမျိုး၊ လူ့အဖြစ်ရဲ့ လေပူဖောင်းလေး လွင့်သွား” တို့
            “လက်ခုပ်သံ ထောင်ပေါင်းများစွာထဲမှာ ဝမ်းနည်းခြင်းနံရံဟာ တုန်ခါလှုပ်ခတ်လို့” ဆိုတာတို့ ထည့်ရေး ထားတာ။ အခုတော့ ရှက်စရာ။ သတင်းကို အဆုံးအထိ သေချာ မသိဘဲ ကိုယ့်အထင်နှင့်ကိုယ် ရမ်းတုတ်ပြီး ကဗျာတွေရေး နေလိုက် သေးသည်။ မသိခြင်းက မောင်ဝါဝါ့ကို ဒုက္ခပေး ပြန်လေပြီ။ မောင်ဝါဝါ့ မှာတော့ စနေနေ့ ညကလည်း အိပ်လို့ပင် မပျော်အောင် မျက်ရည်ဝဲပြီး ခံစားနာကျင် လိုက်ရတာ။ တနင်္ဂနွေ ကျတော့လည်း သူ့ကို သတိရသည့် စိတ်နှင့်ပင် ဘာလုပ်လုပ် အလွဲလွဲ အချော်ချော်။ အခုတော့ သူက မသေသည့်အပြင် စိတ်ချရသည့် အခြေအနေ ပြန်ရောက် သွားပြီတဲ့။ မောင်ဝါဝါ “တောက်” ခေါက်၍ ကြိတ်မနိုင် ခဲမရ အော်ဟစ် လိုက်မိတော့သည်။
            “ဟမ် … အလကား အကောင် … ငါ့မှာတော့ ဝမ်းနည်းပြီး ကြေကွဲ နေလိုက်ရတာ၊ သနားလွန်းလို့ ကဗျာတောင် ရေးထား လိုက်သေးတယ် .. ဟင်၊ အခုတော့ သွားပြီ၊ မင်းမသေတော့ဘူး ဆိုတော့ ငါ့ကဗျာက အလကား ဘယ်နား သွားလွှင့်ပစ်ရမတုန်း သေချင်းဆိုး လေး ကျက်သတုန်းလေးရဲ့.. တောက်!”

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 28 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါး သရုပ်ဖော်ပုံကို ကာတွန်းနေကြီး မှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

သူရဿဝါ
29. March. 2012

0 ဦး မှတ်ချက်(များ) ေပးခဲ့သည်: