Subscribe Twitter FaceBook

Thursday, January 26, 2012

သူရဿဝါနှင့် ရှိုး



သူရဿဝါနှင့် ရှိုး


            ခိုးကူးခွေ နှိပ်စက်မှုကြောင့် ဂီတ လောကသား အဆိုတော်များ ဒုက္ခ ရောက်ကြသော အခါ သမယ ဖြစ်သည့် အားလျော်စွာ ထုတ်ထားသော အခွေဖိုး အနည်းငယ်မျှ ကာမိရန် ရည်ရွယ်၍ သော်လည်းကောင်း၊ မိမိ၏ အနုပညာ အရည် အသွေးနှင့် နာမည် ကျော်ကြားမှုကို မြှင့်တင် လို၍ သော်လည်းကောင်း ဂီတ ဖျော်ဖြေပွဲ (ရပ်ကွက် အခေါ် ရှိုးပွဲ) များကို တွင်တွင် ကျယ်ကျယ် ပြုလုပ်၍ ဂီတချစ် ပရိသတ် များကလည်း ရှိုးပွဲသာ ဖြစ်ပါစေ၊ ဘယ်နေရာ ဖြစ်ဖြစ် လိုက်ကြည့်မည် ဟူသော ရဲရဲတောက် စိတ်ဓါတ်ကို ပိုင်ဆိုင် ထားကြသည် ဖြစ်သဖြင့် ရောင်းသူ ဝယ်သူ အသံတူ၍ ရှိုးပွဲများ ကဒီးကဒီး ပြုလုပ် ကြသော ရှိုးခေတ်ကြီး ဖြစ်သည့် အလျောက် မောင်သူရဿဝါ တစ်ယောက် သည်လည်း ဂလိုဘယ် ခေတ်ကြီးကို မမှီမကမ်း အမြီးတန်းလန်း ဆွဲ၍ ကျန်ခဲ့သူ မဖြစ်ရ လေအောင် ရှိုးပွဲ တစ်ပွဲလောက် ကြည့်ရှုရန် စိတ်အကြံ ဖြစ်မိလေသည်။ 
            ရှိုးပွဲဟု ဆိုရာတွင် မြန်မာပြည်၌ (၁၂)လ ရာသီလုံး ပွဲတော်များ ရှိသည့် စံချိန်ကို ကျော်လွန်၍ ရှိုးပွဲများ သည်ကား အခါမရွေး၊ အကြောင်း ပြချက် မရွေး ရှိကြလေ၏။ အနောက်တိုင်း အင်္ဂလိပ် လူမျိုးတို့နှင့် သက်ဆိုင်သည့် ခရစ္စမတ် ပွဲတော် ရက်တွင်လည်း အထိမ်းအမှတ် ဟူ၍ ရှိုးကြ၏။ မြန်မာ့ ရိုးရာ သီတင်းကျွတ် မီးထွန်း ပွဲတော် ရက်တွင်လည်း ပျော်ပွဲရွှင်ပွဲ ဟူ၍ ရှိုးကြ၏။ ဒီဖက်နှစ်မှ ဟိုဖက်နှစ်သို့ ခုန်ကူးမည့် ညတွင်လည်း နှစ်သစ်ကူး အထူး ဟူ၍ ရှိုးကြ၏။ ဖေဖော်ဝါရီ (၁၄)ရက် ချစ်သူများနေ့ ဟူသော ရက်တွင်လည်း ချစ်သူများနေ့ အမှတ်တရ ဟူကာ ရှိုးပြန်၏။ တစ်ဦးနှင့် တစ်ဦး အပြိုင် အဆိုင် ဆန်းသစ် တီထွင် ကြသော ခေတ်ကြီး ဖြစ်သည့် အလျောက် နောက်ပိုင်းတွင် “တပို့တွဲလ အထိမ်းအမှတ် နာမည်ကျော် ဟစ်ဟော့ အဆိုတော် လေးများ ကိုယ်တိုင် ထမနဲထိုးရင်း သီချင်းဆိုမည့် ရောကာ မွှေကာ သမကာ ထမနဲ ရှိုးပွဲကြီး” တို့၊ “ပြာသိုလ အထိမ်းအမှတ် ကန်းထရီး အဆိုတော် ကြီးများက မြင်းစီးရင်း သီချင်းဆိုမည့် မြင်းခင်း အမှတ်တရ ရှိုးပွဲကြီး” တို့၊ “တော်သလင်းလ အထိမ်းအမှတ် ရော့ခ်ကာ ကြီးများ လှေလှော် သမ္ဗာန်ခပ်ရင်း သီချင်းဆိုမည့် တော်သလင်း လှေလှော်ရွက်တိုက် ရှိုးပွဲကြီး” တို့ မပေါ်လာ နိုင်ဘူးဟု ပြော၍မရ။
            နောက်ပြီး ရှိုးပွဲ ဆိုသည်နှင့် နှစ်တန်း နှစ်စား ထပ်ခွဲ၍ ရသေးသည်။ ဖရီးရှိုးနှင့် လက်မှတ် ဝယ်၍ ကြည့်ရသော ရှိုးပွဲ ဟူ၍။ ဖရီးရှိုး ကတော့ အလကား ကြည့်ရသော ပွဲများ ဖြစ်သဖြင့် အကြွေးရလျှင် ဆင်တောင် သုံးကောင်လောက် ဝယ်ထားမည် ဟူသော သဘောနှင့် ကိုက်သဖြင့် အထွေအထူး ပြောစရာ မရှိပါ။ အဲ.. လက်မှတ် ဝယ်၍ ကြည့်ရသော ရှိုး။ သူရဿဝါတို့ လူပျိုပေါက် အရွယ်မှာ ရှိုးပွဲ လက်မှတ်ခ များက သုံးထောင်၊ လေးထောင်၊ ငါးထောင် အဲဒီ ပတ်ဝန်းကျင် ပေးရသည်။ ထိုတုန်းက ရှိုးပွဲ ဟူသည်မှာ ယခုလောက် သိပ်ပြီး ခေတ်မစားသေး။ နောက်ပိုင်း ရှိုးပွဲခေတ် ဖြစ်လာပြီး ရှိုးပွဲများ အပြိုင် အဆိုင် ဖြစ်လာသည်။ အရောင်း အဝယ် သဘောတရား အရ ကုန်ပစ္စည်း တစ်မျိုးတည်းကို ထုတ်လုပ်မှု များလာလျှင် ဝယ်လိုအား ရောင်းလိုအား ချိန်ဆ၍ ကုန်ပစ္စည်း ဈေးနှုန်းများ ကျဆင်းမှု ရှိသည်။ အဲဒါကို တွေး၍ ယခုနေ ငါးထောင် ပေး၍ ရှိုးပွဲ ကြည့်မည့် အစား ရှိုးပွဲများ များပြား လာ၍ ဈေးနှုန်းများ ကျလာပါမှ ခပ်များများ ကြည့်တော့မည် အားခဲ ထားတာ မှားပြီ။ ရှိုးပွဲများ များလာသလို လက်မှတ်ခ ဈေးနှုန်း များလည်း ပို၍ ပို၍ ပို၍ တက် တက် တက်လာသည်။

Friday, January 20, 2012

မှောင်မည်း လူ မြို့



မှောင်မည်း လူ မြို့

            ရုတ်တရက် လန့်နိုး လာခဲ့သည့် အချိန်တွင် ကိုယ့်ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲလျက် ရှိသည်။ ကိုယ့်မှာ မီးစုန်းများ ပါဝင်သော စားပွဲတင် နာရီ မရှိသဖြင့် ကိုယ်နိုးထ လာခဲ့သည့် အချိန်ကို အတိအကျ မသိရ သော်လည်း စိတ်၏ စေ့ဆော်မှုကြောင့် (၂)နာရီ တိတိ ဖြစ်နေကြောင်း သေချာခဲ့သည်။ အမှောင်ကို ကြည့်ရင်း မိနစ် အနည်းငယ်ခန့် ကြာသော အခါ မျက်လုံးများက အမှောင်ထဲတွင် ဝိုးတဝါး မြင်နိုင်စွမ်း ရှိလာ၏။ ကိုယ့် အနီးတဝိုက် လူများ၊ ကားများ သွားလာ လှုပ်ရှား နေကြသည်ဟု တရိပ်ရိပ် ခံစား သိရ၏။ ကိုယ့် မျက်လုံးနှင့် စိတ်အာရုံကို ဒီထက်ပို စူးစိုက် မိသည်။ မီးပွိုင့်မှာ မီးနီမိ၍ ရပ်တန့် နေသော ယာဉ်တန်းများ၊ ခရီးသည်တင် ကားများ၊ လမ်းဘေး ဝဲယာ တစ်ဝိုက် တစာစာ အော်နေ ကြသော လမ်းဘေး ဈေးသည်များ၊ လမ်းကူး နေသူများ၊ ဦးတည်ရာ တစ်ခုသို့ ရွေ့လျား သွားလာ နေကြသည့် များပြား ပြန့်ကျဲသော လူများ၊ ဝိုး…. ကိုယ် မြို့လယ်ခေါင် အစည်ကားဆုံး နေရာကို ရောက်နေ ခဲ့တာ ပါလား။
ပတ်ဝန်းကျင်မှ ကိုယ် သိဖူး မြင်ဖူးသမျှ အမှတ်အသား များကို အလိုလို ရှာဖွေ မိသည်။ နာရီစင်… မြို့လယ်ခေါင် ခရစ်ယာန် ဘုရားကျောင်း အနီးမှ နာရီစင်ကြီး ရှိသလား။ ယခုထိ ဘယ်အရာ ကိုမှ သေသေချာချာ မဆုံးဖြတ် နိုင်သေး သော်လည်း ယခု ကိုယ် ရောက်ရှိ နေရာ အရပ်သည် ကိုယ့်ကို တရင်းတနှီး နိုင်လွန်း နေသည်ဟု မသိစိတ်က သေချာနေ၏။ ကိုယ် နေ့စဉ်လိုလို သွားလာ လှုပ်ရှား နေကျ လမ်းများ၊ နေရာများ ဖြစ်သည် ဟူသော ရင်းနှီးမှု ရနံ့ကို အလိုလို ရနေသည်။ မျက်လုံးများက မြို့လယ်ခေါင် နာရီစင်ကြီး ဆီသို့ အရောက်တွင် ရှာဖွေမှု ရပ်တန့် သွား၏။ အချိန်ကို ကြည့်လိုက်တော့ ကိုယ်စိတ်ထဲ ထင်သည့် အတိုင်းပင် (၂)နာရီ တိတိ။ နေ့လည် (၂)နာရီလား၊ ညသန်းခေါင် (၂)နာရီလား။ ရှေးဟောင်း နာရီကြီး ဖြစ်သဖြင့် ဒစ်ဂျစ်တယ် နာရီများ ကဲ့သို့ နေ့၊ ည အမှတ်အသားပြ စာသား မပါရှိ။ သို့သော် နေ့လည် (၂)နာရီ ဖြစ်ကြောင်း ကိုယ်သိသည်။
ကိုယ့်အသိစိတ် စတင် လှုပ်ရှားလာသည့် အချိန်မှ စတင်၍ အဆက်မပြတ် အလုပ်လုပ် နေခဲ့သော ကိုယ့် ပင်ကိုယ်သိစိတ် အဆုံးအဖြတ်သည် ယခုထိ တစ်ချက်မျှ မမှားယွင်းသေး။ ဒါဆို နေ့လည် (၂)နာရီ အချိန်က ဘာလို့ မှောင်မည်းဝိုးဝါး ဖြစ်နေတာလဲ။ ကိုယ် အိပ်ပျော် နေရာမှ နိုးထ လာခဲ့တာ ဆိုလျှင် နေ့လည် (၂)နာရီ အချိန် ဆိုတာ မဖြစ်နိုင်။ နောက်ပြီး ကိုယ်ကရော ဘယ်နေရာမှာ စတင် အိပ်စက် ခဲ့မိပြီး ဘာကြောင့် ပုံမှန် မဟုတ်သော နေရာတစ်ခုမှာ နိုးထ လာခဲ့တာလဲ။ အမှားအယွင်း တစ်ခုခု ကိုယ့်ဆီမှာ လာကပ်ငြိ ခဲ့သလား။ ပထမ ဦးဆုံး အကြိမ်အဖြစ် ကိုယ့်ကိုယ်ကို မယုံကြည်မှုကို ခံစားရသည်။
ပတ်ဝန်းကျင်တွင် သွားလာ လှုပ်ရှား နေကြသည့် လူများ၊ ယာဉ်များ အားလုံး၏ ပြုမူ ဆောင်ရွက် ပုံများက နေ့လည် နေ့ခင်း အချိန်၏ သက်ဝင်လှုပ်ရှားမှု ပုံစံနှင့် အံဝင်ခွင်ကျ။ သူတို့ဆီက သွက်လက် တက်ကြွမှု၊ ဖျတ်လတ် နိုးကြားမှုကို ကိုယ် မြင်ရသည်။ နောက်ပြီး သူတို့ ရင်ထဲမှ တစ်ကိုယ်ရည် တစ်ကာယ အတ္တကို နာမည်တပ်၍ မရသော အရောင်တစ်မျိုး ဖုံးလွှမ်းလျက် ထွင်းဖောက် မြင်ရသည်။ အိပ်မက်လား… ကိုယ် အိပ်မက်ထဲ ရောက်နေ တာလား။ လူ၏ အတ္တကို မမြင်နိုင် မတွေ့ထိ နိုင်သော စိတ္တဇနာမ် အဖြစ် သိထားရာမှ ယခုလို အရာဝတ္ထု ပုံသဏ္ဍာန် အတိအကျ မြင်ရ သည့်အခါ ကိုယ် ခြောက်ခြား လာ၏။ ကိုယ့် အာခေါင်တွေ ခြောက်သွေ့ လာသည်။ ဦးတည်ရာမဲ့ လမ်းလျှောက် ခဲ့မိ၏။

Friday, January 13, 2012

Online Poetry Club ၏ ပထမဆုံး Poetry Workshop ကျင်းပမည်



Online Poetry Club ၏ ပထမဆုံး Poetry Workshop ကျင်းပမည်

            အွန်လိုင်း ကဗျာဆရာများ၊ အွန်လိုင်း ကဗျာ ချစ်သူများ စုစည်း ပေါင်းဆုံ၍ ချစ်သော ကဗျာတို့ အကြောင်း တွေ့ဆုံ ဆွေးနွေး နိုင်မည့် Poetry Workshop များကို ၁၄. ၁. ၂၀၁၂ (စနေနေ့) မှ စတင်၍ နှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။ Online Poetry Club ကို အွန်လိုင်း ကဗျာဆရာများ၊ ကဗျာ ချစ်သူများ အားလုံး တစ်သားတည်း ဖြစ်စေရန် ရည်ရွယ်၍ တောင့်တင်း ခိုင်မာသော Organization တစ်ခု အဖြစ် တည်ထောင် ဖွဲ့စည်း သွားမည် ဖြစ်သည်။ Online Poetry Club ၏ ပထမဆုံး Poetry Workshop ကို ၁၄. ၁. ၂၀၁၂ (စနေနေ့) တွင် ပြည်လမ်း၊ Diamond Condo ရှိ The Green Canteen တွင် နေ့လည် (၂)နာရီမှ (၅)နာရီ အထိ “ကိုယ့်ကဗျာထဲက ကိုယ့်စိတ်ကူးများ” ခေါင်းစဉ်ဖြင့် စတင် ကျင်းပ ပြုလုပ် ပါမည်။ အဆိုပါ ခေါင်းစဉ်ဖြင့် ဝင်ရောက် ဆွေးနွေး ပြောဆို လိုသူ အွန်လိုင်း ကဗျာဆရာများ၊ ကဗျာ ချစ်သူ များသည် မိမိ ကိုယ်တိုင်ရေး ကဗျာ တစ်ပုဒ်ဖြင့် ဝင်ရောက် ဆွေးနွေး ပြောဆို နိုင်မည် ဖြစ်ပါသည်။ အွန်လိုင်း ကဗျာဆရာများ၊ ကဗျာ ချစ်သူများ စုစည်း ကြမည့် Online Poetry Club တွင် အသင်း ဝင်လိုသူ (Member) များကိုလည်း စာရင်း လက်ခံပေး သွားမည် ဖြစ်သည်။ ယခု ကျင်းပမည့် Poetry Workshop အား အွန်လိုင်း ကဗျာဆရာများ၊ ကဗျာ ချစ်သူ များနှင့် စိတ်ပါ ဝင်စားသူ အားလုံး တက်ရောက် နိုင်ရန် ဖိတ်ကြားခြင်း ဖြစ်ပါသည်။ ကျင်းပမည့် အချိန် ၊ နေရာ ၊ နေ့ရက် တို့ကို အောက်တွင် ထပ်မံ ဖော်ပြ ပေးထား ပါသည်။

နေ့ရက် - ၁၄. ၁. ၂၀၁၂ (စနေနေ့)
အချိန် - နေ့လည် ၂း၀၀ မှ ၅း၀၀ အထိ
နေရာ - The Green Canteen, အခန်း(၂၀၃), ဒုတိယထပ်, Diamond Condo, ပြည်လမ်း, လှည်းတန်း။ (မေတ္တာဦး ဆေးခန်း အနီး)


သူရဿဝါ
ဇန်နဝါရီ ၁၄ ရက် ၊ ၂၀၁၂ ခုနှစ်

Thursday, January 12, 2012

အနုပညာ၏ နာမည်ခွဲနှင့် သူတို့၏ ပရိသတ်များ



“အနုပညာ၏ နာမည်ခွဲနှင့် သူတို့၏ ပရိသတ်များ”


            လူတကာတို့ လုပ်နိုင်ခဲသည့် “အနုပညာ” ဟူသော ဝေါဟာရ တစ်ရပ် ရှိသည်။ အနုပညာ ရှိသဖြင့် ၄င်းကို ဖန်တီးသော အနုပညာရှင် ဆိုသည်လည်း ရှိလာ၏။ ထို့အတွက် ၄င်း အနုပညာရှင် ဖန်တီးသည့် အနုပညာကို တန်ဖိုးထား ခံစားသည့် ပရိသတ် ဆိုသည် မှာလည်း အလိုအလျောက် ပေါ်ပေါက် လာရသည်။ ကျွန်တော်တို့ အနေနှင့် ကတော့ ထိုအနုပညာ လောကထဲ တွင်ပင် ကျင်လည် လှုပ်ရှား နေရသည် ဖြစ်သဖြင့် တခါတရံ ကိုယ်က အနုပညာကို ဖန်တီး ပြသ၍ ပရိသတ် အားပေးမှုကို ခံရပြီး တစ်ခါတရံ ကိုယ်က အခြား အနုပညာရှင် တစ်ဦး ဖန်တီးသည့် အနုပညာ လက်ရာ များကို ခံစားသည့် ပရိသတ် နေရာသို့ ရောက်နေ တတ်သည်။ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင် စသည် တို့မှာ အနုပညာရှင်ဟု လူအများ လက်ခံ ထားကြသော လူတန်းစားများ ဖြစ်ကြသည်။ ထိုသူတို့၏ အနုပညာ ဖန်တီးပုံနှင့် ပရိသတ် အပေါ် ထားရှိသော စေတနာ အမျိုးအစားကို လိုက်၍ အနုပညာ ဟူသော နာမည်သည် တစ်ခုနှင့် တစ်ခု စာလုံးပေါင်း ကွာသွားတတ်၏။
ဟိုး… တော်တော် ကြာပြီ ဖြစ်သော တလောက သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို စာအုပ် တစ်အုပ် ညွှန်းသည်။ လူငယ် စာရေးဆရာ တစ်ဦး၏ လုံးချင်း ဝတ္ထု တစ်အုပ်ကို ဖြစ်၏။ သူ့အပြော အရ ထိုလူငယ် စာရေးဆရာ၏ အတွေးအခေါ်၊ အရေး အသား များမှာ ဆရာ တာရာမင်းဝေနှင့် တူသည် ဟူ၏။ သူရဿဝါ စိတ်ဝင်စား သွားသည်။ ဆရာ တာရာမင်းဝေ ဆိုတာက သူရဿဝါတို့ လေးစား ရသည့်၊ ယခု ကွန်လွန် သွားပြီ ဖြစ်သည့်တိုင် တသသ ဖြစ်နေ ရသည့် အတွေး အခေါ် ထူးခြားသော စာရေးဆရာ၊ ကဗျာဆရာ တစ်ဥိး ဖြစ်သော ကြောင့်ပင်။ ယခု.. ထိုသူငယ်က ကျွန်တော်တို့ လေးစားရသည့် ဆရာ့ အတွေးအရေး များနှင့် အတော်ကို တူသည် ဆိုတော့ အားတက် မိသည်။ ဆရာ တာရာမင်းဝေကို အစားထိုး ပြန်ရတော့ မည်လား ဟူသော အတွေးနှင့်။
သူငယ်ချင်း ညွှန်းသည့် စာအုပ်ကို ဖတ်တော့ သူပြောသည့် အတိုင်း တကယ်ကို ဆရာ တာရာမင်းဝေနှင့် တူလှသည်။ တူလိုက်သမှ ဆရာ့ နာမည်ကြီး စာအုပ် တစ်အုပ်၏ ဇာတ်လမ်း အစအဆုံး နှင့်ကို တူတာ။ ဇာတ်ကောင် နာမည်နှင့် အလုပ် အကိုင်လေး အနည်းငယ် ပြောင်းရေး ထားလို့သာ.. မဟုတ်ရင် တစ်အုပ်လုံး အစအဆုံး အတုံးလိုက် အတစ်လိုက်ကို တူမှာ။ တူလွန်း အားကြီး သဖြင့် စာအုပ်ကို ဖတ်ပြီး သည်နှင့် ဆရာ့ နာမည်ကြီး စာအုပ်ကို ချက်ချင်း သွားသတိရ လိုက်မိသည်။ နာမည်ကြီး စာရေးဆရာ၏ နာမည်ကြီး စာအုပ်ကို ဇာတ်လမ်း တစ်ခုလုံး ပြန်ကူးရဲသည် ဆိုလေတော့ သူရဿဝါ အတော်ကို လေးစား သွား၏။ ခုနက ပြောသလို သူ၏ အနုပညာကို ပရိသတ်ထံ ချပြလိုက်သည့် စေတနာက အမျိုးအစား တစ်ခု ဖြစ်သွား သဖြင့် အနုပညာ ဟူသည့် နာမည်ပျောက်၍ နာမည် အသစ် ရောက်လာ၏။ အတင်းကာရော လုယက် ဖန်တီးမှု ဖြစ်သဖြင့် အနုပညာ မှသည် “အလုပညာ” ဟု ခေါ်ထိုက်လေသည်။

Thursday, January 05, 2012

သူရဿဝါနှင့် လိပ်မှသည် ပက်ကျိဆီသို့



သူရဿဝါနှင့် လိပ်မှသည် ပက်ကျိဆီသို့

အင်တာနက် သုံးရတာ အဆင်မပြေ။ အဲဒါ တော်တော်မှ တော်တော်ကို ကြာနေပြီ။  သူရဿဝါ စိတ်ထင် (၁)နှစ်ခွဲ၊ (၂)နှစ်လောက် ရှိနေပြီ။ ဒါဖြင့် အဲဒီ လွန်ခဲ့သည့် (၂)နှစ် တုန်းကရော သုံးရတာ အစစ အဆင်ပြေ သလား ဆိုတော့ “မဆိုးပါဘူး” ဟုတော့ ပြော၍ ရသည်။ ၂၀၀၈/ ၂၀၀၉ ဝန်းကျင်… သည်းခံ နိုင်လောက်သည့် အခြေအနေပေါ့။ ADSL ခေါ်သော လိုင်းတစ်မျိုး လောက်သာ တွင်တွင်ကျယ်ကျယ် သုံးကြသည့် အချိန်။ Vzo, G-Talk တို့ မှတဆင့် ရှောရှောရှူရှူ ဖုန်းပြော၍ ရသည်။ ကြည်ကြည် လင်လင်၊ ပြတ်ပြတ် သားသား ကြားရ၏။ Web Browsing အတန်အသင့် ကောင်းသည်။ Download ဆွဲလျှင် နေ့လည်ဖက် လူအသုံး များသဖြင့် အဆင်မပြေ သော်လည်း ည (၁၁)နာရီ၊ (၁၂)နာရီ လောက်ဆိုလျှင် အဆင်ပြေပြီ၊ ညဥ့်နက်လေ Connection ကောင်းလေပဲ။ Connection ကျသည် ဆိုတာ ဘက်ပုန်း ဒေါင်းတာ၊ ဂိတ်ဝေး ဒေါင်းတာ ဆိုတာမျိုး ဖြစ်မှ ကျသည်။ ကျပြီ ဆိုလျှင်လည်း အပြတ်အသတ် သားသားနားနား တစ်နေကုန် ကျသွားသည်။ ပြန်တက် လာပြီးလျှင် ပြန်ကျ မသွား။ သူရဿဝါ ကတော့ အဲဒီလို ပြတ်ပြတ် သားသားကို ကြိုက်သည်။ ကျလျှင်လည်း ကျပစ်လိုက်၊ တက်လျှင်လည်း ထောင် နေအောင် တက်။
ထိုအချိန် တုန်းက အင်တာနက် ဆိုင်များ စီးပွားရေး အလွန် ကောင်းကြသည်။ တစ်နေ့လျှင် လူပါးသည် ဆိုသော နေ့က အနည်းဆုံး ဝင်ငွေ ခုနစ်သောင်းလောက် ရှိသည်။ အချို့ အင်တာနက် သုံးသူများက နိုင်ငံတကာနှင့် ယှဉ်၍ ကိုယ့်နိုင်ငံ Connection နှေးသည်ဟု ပြောလျှင်တောင် သူရဿဝါက ကိုယ့်နိုင်ငံ ဖက်က။ လူတွေများ ရနေတာ လေးနှင့် မကျေနပ်နိုင်၊ လောဘ ကြီးလွန်း လှသည်ဟု တွေးမိသည်။ နာဂစ် ဖြစ်တော့ ရန်ကုန် တစ်မြို့လုံး ဖုန်းလိုင်းတွေ၊ အင်တာနက် လိုင်းတွေ ပြတ်တောက် သွားသည်။ အဲဒီ ရက်တွေ အတွင်း လူက နေမထိ ထိုင်မသာ၊ ထမင်းပဲ စား၍ မဝ သလိုလို၊ အိပ်ရေးပဲ မဝ သလိုလို၊ ငေါင်တောင်တောင် ဖြစ်ရသည်။ အင်တာနက် ပြတ်တောက်သည့် တစ်လလောက် အတွင်း ညနေဆိုလျှင် အိမ်က စက်ဘီးလေး ဆွဲ၍ အိမ်အနီးတဝိုက်ရှိ အင်တာနက် ဆိုင်တကာ လှည့်၍ သုံး၍ ရပြီလား လှည့်ပတ် ကြည့်ရသည်။ အင်တာနက်တွေ ပြန်ရတော့ သူရဿဝါ ပျော်မဆုံး။ သိပ်မကြာခင် ယခင် အခြေအနေ အတိုင်း ပြန်ဖြစ် လာသည်။ Connection ပြန်ကောင်း လာသည်။ အဲဒီ နောက်ပိုင်းမှာ အင်တာနက် ဆိုင်များ မှိုလို ပေါက်လာသည်။ အင်းလေ.. အင်တာနက် ဆိုင်လုပ်ငန်း အကျိုးပေးသည် ဆိုတော့လည်း ရင်းနှီး မြှုပ်နှံ ကြပြီပေါ့။
အင်တာနက် ဆိုင်များ များလာတော့ သုံးစွဲသူများ အဆင်ပြေသည်။ ပိုကောင်းတာက ရွေးချယ်စရာ များလာတာ။ ADSL လောက်သာ သုံးကြ ရရာမှ လိုင်းတွေ အများကြီး ဖြစ်လာသည်။ ADSL Broadband, Wimax, Wi-Fi, အခုဆို Fiber အင်တာနက် စနစ်တွေ၊ Mc-will စနစ်တွေ စသည်ဖြင့် အပြုံလိုက် ပေါ်လာ ကြသည်။ နောင်ဆို လူတိုင်း ကိုယ့်ခေါင်းပေါ် ကိုယ်တိုင် တိုင်ထောင်ပြီး သုံး၍တောင် ရချင် ရလာမည်။ အသုံးပြုသူ ပြည်သူများ ကြိုက်ရာကို ရွေးသုံး ကြပေရော့။ အဲဒီလို စနစ်တွေ ပေါ်လာပြီး သိပ်မကြာခင် Connection များ သိသိသာသာ ထိုးကျ ကုန်သည်။ DDOS ဖြင့် Server Attack အလုပ်ခံ ရသည်၊ Connection များ နှေးလိုက်၊ ကျလိုက် ဖြစ်ကုန်သည်။ တော်တော်နှင့် ပြန်၍ ကောင်း မလာတော့။ တစ်ခါ အတိုက် ခံရ၍ ပြန်မကောင်း ရသေးသည့် ကြားထဲ အဲဒီ DDOS က နောက်တစ်ခါ ထပ်ဆောင့် ပြန်သတဲ့။ သူရဿဝါ ဖတ်မိသလောက် သတင်းတွေ ထဲတွင် အဲဒီ DDOS ကြောင့် Connection များ နှေးကွေးမည် ဆိုတာပဲ တွေ့သည်။ DDOS ပြဿနာကို ရှင်းလင်းနိုင်ပြီ ဖြစ်၍ Connection များ ပြန်၍ မြန်ဆန် လာပြီ ဆိုသော သတင်း မပါဝင်။ ကိုယ်ပဲ မျက်စိ မှုန်တာလားတော့ မသိပါ။

FACEBOOK FAN PAGE